ဂျော်ဂျီနာနဲ့ပတ်သက်လို့ ရော်နယ်ဒိုရဲ့အမေက ချီးကျူးခဲ့တာပါ။

ရော်နယ်ဒိုရဲ့အမေဖြစ်သူ အယ်လ်ဗာရိုဒိုလိုရက်စ်ကတော့ ရော်နယ်ဒိုရဲ့ အတူနေချစ်သူ ဂျော်ဂျီနာ ရိုဒရီဂွက်ဇ်ကို ချီးကျူးစကားတွေ ပြောကြားလာခဲ့ပါတယ်။ ဂျော်ဂျီနာဟာ လက်ရှိအချိန်မှာ အမြွှာကိုယ်ဝန်လွယ်ထားရပြီး ကိုယ်ဝန် (၅) လအထိရှိနေပါပြီ။



ရော်နယ်ဒိုနဲ့ ဂျော်ဂျီနာတို့နှစ်ယောက်မှာ သား (၂) ယောက်၊ သမီး (၂) ယောက်ရရှိထားပြီး အခု အမြွှာလေးတွေကလည်း ယောက်ျားလေးတယောက်၊ မိန်းကလေးတယောက်ဖြစ်တယ်လို့ မနေ့ကပဲ တရားဝင်အတည်ပြုကြေညာထားပါတယ်။ ဒီမတိုင်ခင်က ရော်နယ်ဒိုရဲ့အမေနဲ့ ဂျော်ဂျီနာတို့အကြား ဆက်ဆံရေး အဆင်မပြေမှုတွေရှိနေတယ်လို့ သတင်းတွေထွက်ခဲ့သေးတာပါ။

ဒါပေမယ့် လက်ရှိအချိန်မှာတော့ ဂျော်ဂျီနာနဲ့ ပတ်သက်လို့ ဒိုလိုရက်စ်က “ဂျော်ဂျီနာက လူကောင်းတယောက်ဖြစ်ပြီး ကျွန်မသား ရော်နယ်ဒိုအတွက်လည်း အမြဲတမ်း ကြီးမားတဲ့ အားပေးထောက်ပံ့မှုတွေ ပြုလုပ်ပေးနေတဲ့ လူတယောက်ပါ” လို့ ပေါ်တူဂီသတင်းဌာနတခုနဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ သူ့ရဲ့အဆက်ဟောင်း အီရီနာရှက်ခ်နဲ့ လမ်းခွဲခဲ့ရတုန်းက ရော်နယ်ဒိုရဲ့အမေနဲ့ အီရီနာရှက်ခ်တို့အကြား ပြဿနာတွေဖြစ်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ဖူးပါတယ်။

လက်ရှိ ပေါ်တူဂီနိုင်ငံမှာ နေထိုင်လျက်ရှိတဲ့ ဒိုလိုရက်စ်ကတော့ လာမယ့် ခရစ္စမတ်ကာလမှာ ရော်နယ်ဒိုတို့ မိသားစုရှိရာ မန်ချက်စတာကို လာရောက်ဖို့ ပြင်ဆင်နေပါတယ်။

ရော်နယ်ဒိုတို့မိသားစုနဲ့အတူ ခရစ္စမတ်ကာလကို ဖြတ်သန်းမယ့်အပေါ်မှာလည်း ဒိုလိုရက်စ်က “ဒါက တကယ်ကို ကြီးကျယ်ခမ်းနားတဲ့ ပါတီပွဲတပွဲပါ။ လက်ဆောင်တွေလဲလှယ်ကြတယ်၊ ဟာသတွေ ပြောဖြစ်ကြတယ်။ သိပ်ကို လှပတဲ့ ညနေခင်းပါပဲ။ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ကျွန်မ လိုချင်တာအားလုံး ရနေတဲ့အတွက်ပေါ့” လို့ ပြောကြားသွားခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က