ချဲလ်ဆီးတို့ အဝေးကွင်းမှာ နိုင်ပွဲပျောက်ခဲ့ရပြန်တာပါ။

ချဲလ်ဆီးက ဒီပွဲကန်ခါနီးမှ ကိုဗစ်ပြဿနာ တော်တော်ဆိုးလာလို့ ပွဲရွှေ့ပေးဖို့ တောင်းဆိုခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။ အရံစာရင်းမှာလည်း ကစားသမား (၆) ယောက်လောက်ပဲ ပါခဲ့ပြီး ကွင်းထဲမှာလည်း ရုန်းကန်ခဲ့ရပါတယ်။



ချဲလ်ဆီးကွင်းလယ်မှာ နောက်ခံလူ ချာလိုဘာ့ဂ်က ကန်တေနဲ့ တွဲဖက်ပွဲထွက်ခဲ့ရပြီး တိုက်စစ်မှာ မေဆင်မောင့်၊ ဇီယက်ချ်၊ ပူလီဆစ်တို့ ပွဲထွက်ခဲ့ပါတယ်။ ချဲလ်ဆီးတို့ သက်သာခဲ့တာက နောက်တန်းမှာ ရူဒီဂါ၊ သီယာဂိုဆေးလ်ဗား၊ အက်ဇ်ပီလီကွီတာတို့ ပွဲထွက်နိုင်ခဲ့တာပါ။

ဝုလ်ဗ်ကတော့ လူစုံသလောက်ဖြစ်ခဲ့ပြီး နီဗက်စ်၊ မော်တင်ဟို၊ ကိုအာဒီ၊ ဟီမီနက်ဇ်နဲ့ ပိုဒန့်စ်တို့ကို အဓိကအားပြု ကစားခဲ့ပါတယ်။ ဝုလ်ဗ်က ဒီပွဲမှာ ချဲလ်ဆီးကို ဖိအားပြန်ပေးနိုင်ဖို့ ကြိုးစားခဲ့ပြီး ပထမပိုင်းမှာ ဂိုးပေါက်ကန်သွင်းခွင့် အရေအတွက်က အတူတူဖြစ်ခဲ့ပါတယ်။

ဝုလ်ဗ်တို့ ကံဆိုးခဲ့တာက ပထမပိုင်းမှာ ပိုဒန့်စ်ရဲ့ သွင်းဂိုး ခွင့်ပြုမခံခဲ့ရတာပါပဲ။ ဒီဂိုးသာပေးလိုက်ရရင် ချဲလ်ဆီးတို့ တော်တော်လေး ရုန်းကန်ရမှာပါ။ ဒီပွဲမှာ ချဲလ်ဆီးရဲ့ ကစားပုံက စိတ်ပိုင်းဆိုင်ရာအရပါ ရုန်းကန်နေရပုံပါပဲ။

ဒုတိယပိုင်းမှာ ချာလိုဘာ့ဂ်၊ ဇီယက်ချ်တို့ကိုထုတ်ပြီး ဆာအူးလ်နဲ့ ကိုဗာဆစ်တို့ ဝင်ကစားခဲ့ပါတယ်။ ဒါပေမယ့်လည်း လိုအပ်နေတဲ့ အနိုင်ဂိုးကို မသွင်းနိုင်ခဲ့ဘဲ ချဲလ်ဆီးတို့ နှစ်ပွဲဆက်နိုင်ပွဲပျောက်ခဲ့ရတာပါ။ ချဲလ်ဆီးအနေနဲ့ ခြေစွမ်းပိုင်းကျဆင်းလာချိန်မှာ ကိုဗစ်ပြဿနာနဲ့ပါ ချိန်သားကိုက် ရင်ဆိုင်လိုက်ရတာက တော်တော်ဆိုးပါတယ်။

ချဲလ်ဆီးနည်းပြ တူဟယ်လ်ကိုယ်တိုင်က ဒီပွဲကို မရွှေ့ပေးတဲ့ ပရီးမီးယားလိဂ်ရဲ့ လုပ်ရပ်ကို ဝေဖန်ခဲ့ပါတယ်။ ဒီပွဲမှာ နိုင်ပွဲထပ်ပျောက်ခဲ့တာကြောင့် ချဲလ်ဆီးတို့ ဇယားထိပ်ဆုံးက မန်စီးတီးနဲ့ (၆) မှတ် ကွာသွားခဲ့ပြီး အဆင့် (၄) နေရာက အာဆင်နယ်နဲ့လည်း (၆) မှတ်သာ ကွာဟပါတော့တယ်။ 

Share

က္က