ဟာလန်းက နှစ်ဂိုးသွင်းပြီး MOTM ရရှိခဲ့တာပါ။

မနေ့က ကစားခဲ့တဲ့ ယိုကိုဟားမားစ်နဲ့ မန်စီးတီးတို့ရဲ့ ရာသီကြိုခြေစမ်းပွဲမှာ မန်စီးတီးက ပြိုင်ဘက်ကို ၃-၅ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲရဲ့ ပထမပိုင်းအတွက် မန်စီးတီးတို့ နှစ်ဂိုးပြတ်နဲ့ ဦးဆောင်ခံခဲ့ရပေမယ့် ဂျွန်စတုန်းစ်၊ အယ်လ်ဗာရက်ဇ်တို့ရဲ့ ချေပဂိုးတွေကြောင့် ပထမပိုင်းမှာ နှစ်ဂိုးစီ သရေကျနေခဲ့ပါတယ်။



ဒုတိယပိုင်းမှာတော့ မန်စီးတီးအတွက် ဂိုးတွေကို ရိုဒရီနဲ့ ဟာလန်းတို့က သွင်းယူပေးခဲ့ပြီး ဟာလန်းက မန်စီးတီးအတွက် နှစ်ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာပါ။ အဲ့ဒါကြောင့်လည်း ဟာလန်းက ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပြီး ဆုကြေးငွေအဖြစ်လည်း ယန်း (၁) သန်း ရရှိခဲ့တာကို ပရိသတ်တွေက မြင်တွေ့ခဲ့ရပါတယ်။

ဂျပန်ယန်း (၁) သန်းဟာ ပေါင် (၅,၄၈၄) နဲ့ ညီမျှတဲ့ ငွေကြေးပမာဏဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင် (၉) သိန်းလောက် မန်စီးတီးမှာ ရရှိနေတဲ့ ဟာလန်းအတွက် ပြောပလောက်စရာ ပမာဏတစ်ရပ် မဟုတ်ခဲ့ပါဘူး။ ပရိသတ်တွေက “ဒီငွေကြေးက ဟာလန်းအတွက် မုန့်ဖိုးသာသာပဲရှိပါတယ်” “တစ်ပတ်ပေါင် (၄) သိန်းလောက်ရနေတဲ့သူကို ပေါင် (၅) ထောင်လောက် ဆုချတာက ဘာမှမထူးခြားပါဘူး”

“ဒလီဗာရီသမားကို ပေးဖို့ ဟာလန်းအတွက် မုန့်ဖိုးရသွားပါပြီ” “ဟာလန်းက ဒီပမာဏကို နှစ်နာရီလောက်နဲ့ ရှာနိုင်ပါတယ်” “သူ့အတွက် ဒီပေါင် (၅) ထောင်လောက်က လုံးဝမလိုအပ်တာ အသေအချာပါပဲ” လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။ ဟာလန်းဟာ လက်ရှိရာသီကြိုကာလမှာ မန်စီးတီးနဲ့အတူ စောစောစီးစီး ပူးပေါင်းနိုင်ခဲ့တဲ့ ကစားသမားတွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။

မန်စီးတီးဟာ အခုပွဲအပြီးမှာ နောက်ထပ် ရာသီကြိုခြေစမ်းပွဲတွေအဖြစ် ဘေယန်မြူးနစ်၊ အက်သလက်တီကိုမက်ဒရစ်တို့နဲ့ ယှဉ်ပြိုင် ကစားသွားဦးမှာပါ။ အဲ့ဒီနောက် လာမယ့် (၆) ရက်နေ့မှာတော့ ရာသီအဖွင့် ကွန်မြူနတီဒိုင်းပွဲအဖြစ် အာဆင်နယ်နဲ့ စတင် ရင်ဆိုင်ရတော့မှာလည်း ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က