ကိုယ့်ထက် ကမ္ဘာ့အဆင့်နိမ့်ပါးတဲ့အသင်းကို ရှုံးနိမ့်ခဲ့တာပါ။

တူရကီကို ရောက်ရှိနေပြီး ဆူဇူကီးဖလားပွဲအတွက် လေ့ကျင့်ပြင်ဆင်နေတဲ့ မြန်မာ့လက်ရွေးစင်အသင်းဟာ အင်ဒိုနီးရှားနဲ့ ခြေစမ်းပွဲမှာတော့ ၄-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်ရှုံးနိမ့်သွားခဲ့ပါတယ်။ ပြိုင်ပွဲမှာ တွေ့ဆုံရနိုင်ချေရှိတဲ့ အသင်းနဲ့ ခြေစမ်းကစားခဲ့တာဖြစ်လို့ အရေးပါတဲ့ပွဲတပွဲလို့ဆိုနိုင်ပေမယ့် ခြေပြတ်ဂိုးပြတ်အရေးနိမ့်ခဲ့မှုက ပြိုင်ပွဲမှာ အခြေအနေကောင်းပါ့မလားဆိုတာ စိုးရိမ်စရာဖြစ်လာခဲ့ရပါတယ်။ 

အင်ဒိုနီးရှားက သူတို့ရဲ့နာမည်ကျော်ကစားသမားအားလုံးကို ခေါ်ယူထားတဲ့အသင်းဖြစ်ပြီး မြန်မာအသင်းကို အသာစီးကနေ ကစားသွားခဲ့တာပါ။ ပွဲစပြီး ၃ မိနစ်အကြာမှာပဲ အဖွင့်ဂိုးကို သွင်းယူခဲ့တာဖြစ်ပြီး မြန်မာအသင်းက တစ်ဦးချင်းရော၊ ကစားကွက်မှာပါ အင်ဒိုနီးရှားကို မယှဉ်နိုင်ခဲ့ဘဲ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဒေးဗစ်ထန်၊ လှိုင်းဘိုဘို၊ မောင်မောင်လွင်၊ ရန်နိုင်ဦးတို့လို အမာခံကစားသမားတွေ ထည့်သွင်းကစားခဲ့ပေမယ့် မြန်မာအသင်းခြေစွမ်းက အားရစရာမရှိခဲ့ဘဲ ပြိုင်ဘက်ဖိအားပေးမှုအောက်မှာသာ ရုန်းကန်နေခဲ့ရပါတယ်။ ပြိုင်ပွဲကာလအတွက် ပိုမိုယုံကြည်မှုရှိလာစေဖို့ လိုအပ်နေပြီဖြစ်ပြီး ဆူဇူကီးဖလားပြိုင်ပွဲမှာ အခြေအနေကောင်းဖို့ဆိုရင် ဒီထက်မက ကောင်းမွန်တဲ့ပုံစံကို​ ပြသနိုင်ဖို့တော့ လိုအပ်နေပြီဖြစ်ပါတယ်။ 

Goal Indoneisa ကတော့ သူတို့ရဲ့အသင်းဟာ ပြိုင်ပွဲအတွက် ပိုမိုယုံကြည်ချက်တွေ ပြည့်၀သွားခဲ့ပြီလို့ ရေးသားခဲ့ပါတယ်။ သွင်းဂိုးလေးဂိုးကို ကစားသမား ၄ ဦးအထိ သွင်းယူနိုင်ခဲ့တာကြောင့်လည်း ကျေနပ်စရာနိုင်ပွဲလို့ ဖော်ပြခဲ့ပါတယ်။ အင်ဒိုနီးရှားအတွက် အနိုင်ဂိုးတစ်ဂိုးသွင်းယူပေးခဲ့တဲ့ အာဖန်က "အသင်းက ပိုပြီးတော့ကောင်းမွန်လာပါတယ်၊ ရုပ်ပိုင်းဆိုင်ရာမှာရော အဆုံးသတ်မှာပါ တိုးတက်လာတာပါ"

"တပွဲတည်း လေးဂိုးသွင်းနိုင်တာက သက်သေပါပဲ၊ ကျွန်တော့်သွင်းဂိုးကလည်း စိတ်အားတက်ကြွဖို့ကောင်းခဲ့ပြီးတော့ လာမယ့်ပြိုင်ပွဲအတွက် ကျွန်တော်အောင်မြင်မှုတွေရယူနိုင်မယ်လို့လည်း ခံစားမိပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ မြန်မာအသင်းအတွက် တလုံးတည်းသောချေပဂိုးကိုတော့ လှိုင်းဘိုဘိုက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ မြန်မာအသင်းဟာ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ တီမောတို့နဲ့ တအုပ်စုတည်းကျရောက်နေတာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က