လူငယ်လေးက ဂျာစီအတွက် အကြိမ်ကြိမ် တောင်းခံခဲ့ပေမယ့် မက်ဆီက လျစ်လျူရှုခဲ့တာပါ။

အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဟာ သြစ‌တြေးလျကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ သူ့ဆီက ဂျာစီတောင်းခံခဲ့တဲ့ သြစတြေးလျ လူငယ်ကစားသမားလေး အလက်ဇန်းဒါးရော်ဘတ်ဆင်ကို လျစ်လျူရှုသွားခဲ့ကြောင်း သိရှိရပါတယ်။ ဒီပွဲမှာ မက်ဆီက အသင်းအတွက် တစ်ဂိုး သွင်းယူနိုင်ခဲ့ပြီး ရော်ဘတ်ဆင်ကတော့ မက်ဆီရဲ့ ဂျာစီကို လိုချင်ခဲ့တာပါ။



မက်ဆီအနေနဲ့ ဒီပွဲမှာ ပွဲအစ စက္ကန့် (၈၀) မှာ အာဂျင်တီးနားအတွက် အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး ဒါက သူ့ရဲ့ ကစားသမားဘဝမှာ အမြန်ဆုံး သွင်းဂိုးအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ‌ပွဲပြီးဆုံးချိန်မှာတော့ မန်စီးတီး လူငယ်လေးတစ်ယောက်လည်းဖြစ်တဲ့ ရော်ဘတ်ဆင်က မက်ဆီအနား ချဥ်းကပ်ပြီး ဂျာစီပေးဖို့အတွက် အကြိမ်ကြိမ် တောင်းဆိုခဲ့ပါတယ်။


မက်ဆီဟာ အသင်းဖော်တွေ၊ ပြိုင်ဘက် ကစားသမားတွေနဲ့ နှုတ်ဆက်နေခဲ့ပြီး ရော်ဘတ်ဆင်ရဲ့ တောင်းဆိုမှုကို တစ်ချက်သာ လှည့်ကြည့်ကာ မသိကျိုးကျွံပြုသွားခဲ့ပါတယ်။ ရော်ဘတ်ဆင်ဟာ တော်ရုံနဲ့ လက်မလျှော့ခဲ့ဘဲ (၃) ကြိမ်လောက်အထိ မက်ဆီထံက ဂျာစီ တောင်းဆိုခဲ့တာကို ရုပ်သံမှတ်တမ်းတွေအရ မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဒီလူငယ်လေးကတော့ မအောင်မြင်ခဲ့ဘဲ မက်ဆီရဲ့ ဂျာစီကို မရရှိခဲ့ပါဘူး။

အဲ့ဒါကြောင့်လည်း တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ ကစားခဲ့တဲ့ အဆိုပါခြေစမ်းပွဲကတော့ ရော်ဘတ်ဆင်အတွက် အသင်းလည်းရှုံး၊ မက်ဆီထံက ဂျာစီလည်းမရဘဲ စိတ်ပျက်စရာတွေဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဒီပွဲအပြီးမှာတော့ အဆိုပါပွဲကို ကိုင်တွယ်ခဲ့တဲ့ စည်းကြပ်ဒိုင်လူကြီးက မက်ဆီထံက ဂျာစီနဲ့ လက်မှတ်ကို တောင်းဆိုခဲ့ကြောင်းလည်း သိရှိရပါတယ်။

မက်ဆီဟာ အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် (၁၇၅) ပွဲ ကစားပြီးချိန်မှာ (၁၀၃) ဂိုး သွင်းယူပေးထားပြီး (၂၀၂၂) ကမ္ဘာ့ဖလားမှာလည်း အာဂျင်တီးနားနဲ့အတူ ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။ မက်ဆီဟာ လက်ရှိအချိန်အထိ နိုင်ငံလက်ရွေးစင်အသင်းကနေ အနားမယူသေးသည့်တိုင် (၂၀၂၆) ကမ္ဘာ့ဖလားမှာ ပါဝင်ကစားဖို့အတွက်တော့ ဖြစ်နိုင်ခြေ ရာခိုင်နှုန်း နည်းပါးသွားခဲ့ပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က