ရိုးမားနည်းပြ မော်ရင်ဟိုကတော့ တီယာနာနဲ့ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ အကွက်ဆန်းတစ်ခုကို ထုတ်သုံးခဲ့တာကြောင့် ပရိသတ်တွေအကြားမှာ ရေပန်းစားနေပြန်ပါတယ်။ ရိုးမားက တီယာနာကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ မော်ရင်ဟိုက အခုလိုမျိုး ပြုလုပ်ခဲ့တာပါ။
ပွဲကစားချိန် (၇၉) မိနစ်မှာ မော်ရင်ဟိုက ဒီနွေရာသီမှာ အသစ်ခေါ်ယူထားတဲ့ အာဝါကို ကွင်းထဲကနေ ဒီတိုင်း ခေါ်ထုတ်ခဲ့တာဖြစ်ပြီး တစ်ဖက်အသင်းကို ဆယ်ယောက်တည်းနဲ့ ရင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ အာဝါတစ်ယောက်ကတော့ မော်ရင်ဟိုကို နားမလည်နိုင်တဲ့ အကြည့်မျိုးနဲ့ ကွင်းထဲကနေ ထွက်လာခဲ့ပြီး နှစ်ယောက်ကြားမှာတော့ တစ်စုံတစ်ရာ ပြဿနာမရှိခဲ့ပါဘူး။
မော်ရင်ဟို ဒီလိုမျိုး လုပ်ခဲ့တဲ့အပေါ်မှာလည်း ထင်မြင်ချက်အမျိုးမျိုး ထွက်ပေါ်နေပါတယ်။ မော်ရင်ဟိုတစ်ယောက် အာဝါကို ဒီလိုမျိုး ကွင်းထဲကနေ ထွက်ခိုင်းချိန်မှာ သူ့အသင်းက ကစားသမားအားလုံးကိုလည်း လူစားလဲထားပြီးဖြစ်ပါတယ်။
သတင်းတွေရဲ့ဖော်ပြချက်အရတော့ မော်ရင်ဟိုဟာ တစ်ဖက်အသင်းက ကစားသမားဆယ်ယောက်တည်းနဲ့ ကစားနေရတာကြောင့် နှစ်ဖက် ကစားသမားအရေအတွက် ညီမျှစေဖို့ အခုလို ပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။ တီယာနာ နည်းပြ ဇီကစ်ဟာ ဒုတိယပိုင်းမှာ လူစားလဲခံရပြီးသား ကစားသမားကို တစ်ဖန်ပြန်လည်ပြီး ကွင်းအတွင်း လူစားဝင်ကစားစေခဲ့မိပါတယ်။
အဆိုပါနည်းပြက သူ့အမှားကို ပြန်လည်ပြင်ဆင်ခွင့်ပေးဖို့ ဒိုင်လူကြီးကို တောင်းဆိုခဲ့ပေမယ့် ပယ်ချခံခဲ့ရတဲ့နော် မော်ရင်ဟိုက အခုလိုမျိုးပဲ သူ့ရဲ့ ကစားသမားတစ်ယောက်ကို ကွင်းထဲကနေ ထုတ်ပေးခဲ့တာပါ။ နောက်တစ်ချက်ကတော့ ပြိုင်ဘက် ကစားသမားတွေအနေနဲ့ အာဝါကို ခပ်ကြမ်းကြမ်း ကစားနေတာကြောင့် သူ့ရဲ့ ကစားသမားသစ် ဒဏ်ရာရရှိသွားမှာကို စိုးရိမ်လို့ မော်ရင်ဟိုက အခုလိုမျိုး လုပ်ခဲ့ကြောင်းလည်း သတင်းတွေက ဆိုပါတယ်။