ခြေစမ်းပွဲမှာတောင် မော်ရင်ဟို ပီသခဲ့တာပါ။

ရိုးမားနည်းပြ မော်ရင်ဟိုဟာ ဆန်းဒါးလန်းနဲ့ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲမှာ သူ့အသင်းက ကစားသမားကို ပြိုင်ဘက် လုခ်အိုနီယန်းက ကြမ်းကြမ်းတမ်းတမ်း ကစားခဲ့တာကြောင့် ကွင်းထဲအထိ ဝင်ရောက် စောဒကတက်ခဲ့တယ်လို့ သိရှိရပါတယ်။ မော်ရင်ဟိုဟာ အဆိုပါ ကစားသမားကို အနီကတ်ပြဖို့အထိ တောင်းဆိုခဲ့တာပါ။

ဒီနှစ်သင်းဟာ နွေရာသီခြေစမ်းပွဲအဖြစ် ပေါ်တူဂီနိုင်ငံမှာ ယှဥ်ပြိုင်ကစားခဲ့ကြတာဖြစ်ပြီး ပွဲကစားချိန် နာရီဝက်ဝန်းကျင်မှာ ဒီလိုမျိုးဖြစ်ပွားခဲ့တာပါ။ ပွဲကစားချိန် (၃၄) မိနစ်မှာ ဆန်းဒါးလန်းကွင်းလယ်လူ လုခ်အိုနီယန်းက ရိုးမား တိုက်စစ်ကစားသမား အယ်လ်ရှာရာဝီကို ကစားပုံကြမ်းတမ်းခဲ့ပါတယ်။ ဒီအတွက် ကွင်းလယ်ဒိုင်က အိုနီယန်းကို အဝါကတ်ပြသခဲ့ပေမယ့် မော်ရင်ဟိုကတော့ ဒါကို ကျေနပ်ခြင်းမရှိဘဲ ကွင်းအတွင်း ဝင်ရောက် စောဒကတက်ခဲ့တာပါ။



မော်ရင်ဟိုဟာ ဒီဖြစ်ရပ်ကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရပြီး ဒါက သေချာပေါက် အနီကတ်ပြရမယ့် ကစားပုံလို့ ယူဆခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း မော်ရင်ဟိုတယောက် ခြေစမ်းပွဲဆိုတာကို မေ့သွားတယ်လို့တောင် ပရိသတ်တွေက သုံးသပ်နေကြပါတယ်။

ဒီဖြစ်ရပ်ဖြစ်ပွားအပြီးမှာ ဆန်းဒါးလန်းနည်းပြ အဲလက်စ်နေးလ်နဲ့ မော်ရင်ဟိုတို့ ကွင်းဘေးမှာ ဆွေးနွေးခဲ့ပြီးနောက် အဲလက်စ်နေးလ်က အနီကတ်မထိလိုက်တဲ့ သူ့ရဲ့ ကစားသမား အိုနီယန်းကို လူစားလဲပေးခဲ့ပါတယ်။ ဒီပွဲမှာ ရိုးမားက ဆန်းဒါးလန်းကို အဖီနာဂျန်၊ ဇာနီယိုလိုတို့ရဲ့ ဂိုးတွေနဲ့အတူ နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ရိုးမားဘက်က ယူနိုက်တက်ကနေ ခေါ်ယူထားတဲ့ ကွင်းလယ်လူ မာတစ်ပါဝင်ကစားခဲ့ပေမယ့် တိုက်စစ်မှူး အေဘရာဟမ်ကတော့ ပါဝင်ကစားခဲ့ခြင်းမရှိပါဘူး။ မော်ရင်ဟိုဟာ အရင်ကလည်း ရာသီကြိုခြေစမ်းပွဲတွေမှာ ဒီလိုမျိုး ကွင်းထဲအထိ ဝင်ရောက်ကာ ကွင်းလယ်ဒိုင်ကို စောဒကတက်ဖူးတဲ့ဖြစ်စဥ်တွေရှိခဲ့ပြီး အနီကတ်လည်း အပြခံခဲ့ရဖူးပါတယ်။ 

Share

က္က