ယူနိုက်တက်ကွင်းလယ်လူ တွမ်မီနေးတယောက် ဒီကနေ့ ကစားခဲ့တဲ့ အက်သလက်တီကိုနဲ့ ခြေစမ်းပွဲ ပထမပိုင်းမှာ ပြဿနာဖန်တီးခဲ့ပြီး နှစ်သင်းကစားသမားတွေအကြား အချင်းများမှုတွေဖြစ်ပွားခဲ့ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်ရော၊ အက်သလက်တီကိုရောက လူစုံထုတ်ကစားခဲ့ပြီး တွမ်မီနေးကလည်း ယူနိုက်တက်ကွင်းလယ်မှာ ဖရက်ဒ်နဲ့အတူ ပွဲထွက်ခွင့်ရရှိခဲ့ပါတယ်။
ဒီပွဲရဲ့ ပထမပိုင်းမှာ တွမ်မီနေးတယောက် ပြိုင်ဘက်ဂိုးဧရိယာထဲမှာ အမြင့်ဘောလုယူဖို့ကြိုးစားရင်း အက်သလက်တီကိုဂိုးသမား အိုဘလက်ခ်ကို တံတောင်နဲ့ရိုက်မိခဲ့ပါတယ်။ ဒီဖြစ်ရပ်ကတဆင့် နှစ်ဖက်အသင်းကစားသမားတွေအကြား ပြဿနာတက်ခဲ့ပြီး တွမ်မီနေးက အက်သလက်တီကိုကွင်းလယ်လူ ကွန်ဒေါ့ဘီယာနဲ့ အဓိကအချင်းများခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။
နှစ်ဖက်ကစားသမားတွေ တော်တော်လေးကို ခက်ခက်ခဲခဲ ထိန်းချုပ်ခဲ့ရပြီး တွမ်မီနေးရော၊ အိုဘလက်ခ်ရော ဒီဖြစ်ရပ်မှာ အဝါကတ်ပြသခံခဲ့ရပါတယ်။ ဒီပွဲက ခြေစမ်းပွဲတပွဲဆိုပေမယ့် နှစ်သင်းလုံးက အပြည့်အဝအားထည့်ခဲ့ပြီး ပွဲကြမ်းတပွဲဖြစ်ခဲ့ပါတယ်။ ပထမပိုင်းမှာတင် နှစ်သင်းပေါင်း အဝါကတ် (၄) ကတ်ပြသခဲ့ရပြီး ဒုတိယပိုင်းမှာလည်း ယူနိုက်တက်ကွင်းလယ်လူ ဖရက်ဒ် မိုရာတာကို နင်းခဲ့တာကြောင့် နှစ်ဝါတနီနဲ့ အထုတ်ခံခဲ့ရပါတယ်။
ဒီပွဲမှာတော့ ယူနိုက်တက်က နည်းပြ တန်ဟက်ခ်လက်ထက် ပထမဆုံးသော အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပြီး အက်သလက်တီကိုက လူစားဝင်ကစားသမား ယာအိုဖီးလစ်ရဲ့ သွင်းဂိုးကြောင့် တဂိုးဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ယူနိုက်တက်ဟာ မနက်ဖြန် အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဗယ်လက်ကာနိုနဲ့ ခြေစမ်းပွဲတပွဲ ဆက်ကစားသွားဦးမှာပါ။
အခု ဒီနေ့ ကွင်းလယ်က ဖရက်ဒ်၊ တွမ်မီနေးတို့ရဲ့ဖြစ်ရပ်တွေက တန်ဟက်ခ်အတွက်တော့ ခေါင်းကိုက်စရာဖြစ်ခဲ့ရပြီး တွမ်မီနေးကတော့ ယူနိုက်တက်ဂန္တဝင်ဟောင်း ကန်တိုနာစတိုင် ဂျာစီကော်လံကိုပါ ထောင်ပြီး ဝတ်ခဲ့တာကြောင့် ပရိသတ်တွေက ပိုမိုပစ်မှတ်ထားနောက်ပြောင်လျက်ရှိပါတယ်။