မက်ဆီတယောက် မနေ့က ကစားခဲ့တဲ့ အူရာဝါရက်ဒ်နဲ့ ခြေစမ်းပွဲမှာ ပြိုင်ဘက်ကစားသမားကို လှလှပပလှည့်စားသွားခဲ့ပြီး ဒီဗီဒီယိုဖိုင်ကတော့ ပရိသတ်တွေအကြားမှာ ရေပန်းစားနေခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာ ဒုတိယမြောက်ခြေစမ်းပွဲအဖြစ် ပီအက်စ်ဂျီတို့ ယှဥ်ပြိုင်ကစားခဲ့ပြီး ဒီပွဲမှာ သုံးဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဒီပွဲမှာ ပီအက်စ်ဂျီအတွက်ဂိုးတွေကို ဆာရာဘီးယား၊ အမ်ဘာပေနဲ့ ကာလီမူအန်ဒိုတို့က သွင်းယူပေးခဲ့ပါတယ်။ မက်ဆီက ဒီပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် သူ့ရဲ့ထုံးစံအတိုင်းပဲ ပရိသတ်တွေကို ဖျော်ဖြေဖို့အတွက်တော့ မပျက်ကွက်ခဲ့ပါဘူး။ မက်ဆီဟာ ပြီးခဲ့တဲ့ ကာဝါဆာကီဖရွန်တေးလ်နဲ့ပွဲမှာလည်း အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့သေးတာပါ။
အခုပွဲမှာလည်း မက်ဆီက ပွဲကစားချိန် (၈၁) မိနစ်မှာ အသင်းဖော်ရာမို့စ်ဆီက ဘောလုံးကို လက်ခံရယူပြီးနောက် ပြိုင်ဘက်ကစားသမားကို ကောင်းကောင်းဒုက္ခပေးခဲ့တာဖြစ်ပါတယ်။ မက်ဆီထံ ဘောလုံးရတာနဲ့ တပြိုင်နက် အူရာဝါရက်ဒ်နောက်ခံလူကို ဖိအားပေးဖို့ ကြိုးစားခဲ့ပေမယ့် မက်ဆီက နှစ်ကြိမ်တိတိ အယောင်ပြကာ ကျော်ဖြတ်ခဲ့တာပါ။
နောက်ဆုံးတကြိမ် မက်ဆီကျော်ဖြတ်သွားချိန်မှာ အဆိုပါ နောက်ခံလူက မက်ဆီကို တားဆီးဖို့ ကြိုးစားခဲ့သေးပေမယ့် အလျင်မမှီခဲ့ဘဲ လဲကျကျန်ရစ်ခဲ့တာကိုလည်း ဗီဒီယိုထဲမှာ မြင်တွေ့ခဲ့ရပါတယ်။ ဒီပွဲကို စီစဥ်တင်ဆက်နေတဲ့ စီစဥ်တင်ဆက်သူကလည်း မက်ဆီရဲ့စွမ်းဆောင်ရည်ကို မြင်တွေ့ခဲ့တဲ့နောက် ရယ်မောသဘောကျခဲ့ရပါတယ်။
မက်ဆီလှည့်ထွက်သွားတဲ့အပေါ်မှာ ပရိသတ်တွေက “အူရာဝါရက်ဒ်နောက်ခံလူရဲ့ ကစားသမားဘဝကို အဆုံးသတ်စေခဲ့တယ်” “မက်ဆီကြောင့် ဒီကစားသမား လိပ်ပြာလွင့်ခဲ့ရတယ်” လို့ နောက်ပြောင်မှတ်ချက်ပေးခဲ့ကြပါတယ်။ ပီအက်စ်ဂျီဟာ လက်ရှိနွေရာသီမှာ ကစားထားတဲ့ ရာသီကြိုခြေစမ်းပွဲ (၄) ပွဲလုံးကို အနိုင်ကစားထားပြီးဖြစ်ပါတယ်။