ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဘန်ဇီမာဟာ ဒီကနေ့ မနက်အစောပိုင်းမှာ ကစားခဲ့တဲ့ ကလပ်အမေရိကနဲ့ ခြေစမ်းပွဲမှာ အသင်းအတွက် သွင်းဂိုးတဂိုးကို လှလှပပသွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီပွဲမှာတော့ ရီးရဲလ်မက်ဒရစ်တို့ တဖက်နှစ်ဂိုးစီသရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။
ဒီပွဲမှာ ကလပ်အမေရိကအတွက် လက်ရှိခြေစမ်းပွဲတွေမှာ ခြေစွမ်းပြဂိုးသွင်းနေတဲ့ ဟင်နရီမာတင်က ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်အတွက် ချေပဂိုးကို ဘန်ဇီမာက ပွဲကစားချိန် (၂၂) မိနစ်မှာ ပြန်လည်သွင်းယူပေးခဲ့ပါတယ်။ ဘန်ဇီမာရဲ့ ဒီသွင်းဂိုးက တော်တော်လေး လှပခဲ့တာကြောင့်လည်း ပြောစမှတ်ပြုစရာဖြစ်ခဲ့ပါတယ်။
ဘန်ဇီမာဟာ ပြိုင်ဘက်ဂိုးဧရိယာထိပ်မှာ အသင်းဖော် အဆန်စီယိုနဲ့ ဝမ်းတူးရိုက်ပြီးနောက် ပြိုင်ဘက်ဂိုးသမား အိုချူအာရဲ့ ဘယ်ဘက်ထောင့်ကို ဝေ့ဝိုက်ကန်သွင်းကာ ချေပဂိုးရယူပေးခဲ့တာပါ။ ဒီလိုမျိုးသွင်းဂိုးနဲ့ ပတ်သက်လို့ အများကြီး ပြောစရာမရှိနိုင်ပေမယ့် အနှေးပြကွက်ကတဆင့် ရှုထောင့်အမျိုးမျိုးကနေ ပြန်လည်ပြသချိန်မှာတော့ ပရိသတ်တွေက ဘန်ဇီမာရဲ့ သွင်းဂိုးကို ချီးကျူးနေကြပါတယ်။
ပရိသတ်တွေက “ဘန်ဇီမာရဲ့ဂိုးအတွက် ဘာပြောရမှန်းတောင် မသိတော့ပါဘူး” “သူကလက်ရှိမှာ ကမ္ဘာ့အကောင်းဆုံးပါ။ ဘယ်သူမှ သူ့ကိုလိုက်မမှီနိုင်ပါဘူး” “တကယ်ကို အဆင့်အတန်းမြင့်တဲ့ သွင်းဂိုးပါပဲ” လို့ အမျိုးမျိုး ချီးကျူးခဲ့ကြပါတယ်။ ဒါ့အပြင် ဘန်ဇီမာဟာ ပွဲကစားချိန် မိနစ် (၄၀) မှာလည်း အလားတူသွင်းဂိုးမျိုးကို သွင်းယူနိုင်ဖို့ ကြိုးစားခဲ့ပါသေးတယ်။
နောက်ခံလူ (၃) ယောက်လောက်ကို ထိုးဖောက်ဖြတ်ကျော်လာခဲ့တဲ့ ဘန်ဇီမာရဲ့ နောက်ဆုံးကန်ချက်က ဒီတကြိမ်မှာတော့ ဂိုးဘေးကနေ ကပ်ထွက်သွားခဲ့တာကြောင့် နစ်နာခဲ့ရပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ နောက်ထပ် ရာသီကြိုခြေစမ်းပွဲအဖြစ် ဂျူဗင်တပ်စ်နဲ့ ဆက်လက်ကစားသွားဖို့ရှိနေပါတယ်။