မိုဒရစ်ရဲ့ စွမ်းဆောင်ရည်ကတော့ အားလုံးအသိအမှတ်မပြုဘဲ မနေနိုင်အောင်ပါပဲ။

ဘရာဇီးလ်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ကို ခရိုအေးရှားတို့ တက်ရောက်ခဲ့တဲ့ပွဲမှာတော့ ခရိုအေးရှားအသင်းခေါင်းဆောင်လူကာမိုဒရစ်က စစ်မှန်တဲ့ ဂန္ထဝင်တဦးရဲ့ ပုံစံကို ပြသွားခဲ့ပါတယ်။ အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မိုဒရစ်ဟာ အသင်းကွင်းလယ်ကို ဦးဆောင်ခဲ့ရတာဖြစ်ပြီး ဘရာဇီးလ်ရဲ့ ကွင်းလယ်လွှမ်းမိုးမှုမခံရအောင် အားထုတ်ခဲ့ရပါတယ်။ 

မိုဒရစ်ဟာ အသက်အရွယ်ကြီးမြင့်နေပြီဖြစ်သလို ၁၆ သင်းအဆင့်မှာ ဂျပန်နဲ့ရင်ဆိုင်ရတုန်းကလည်း အချိန်ပိုအထိ သူ ကစားပေးခဲ့ရပါတယ်။ ဒီအတွက် ဘရာဇီးလ်နဲ့ပွဲမှာ သူ ပွဲချိန်ပြည့်ပါဝင်နိုင်ပါ့မလားဆိုတာကို သံသယရှိခဲ့ရပေမယ့် တကယ်တမ်းကစားချိန်မှာတော့ သူက မိနစ် ၉၀ အပြင် အချိန်ပို ၃၀ မိနစ်ကိုပါ အပြည့်ပါဝင်ကစားခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်မှာလည်း တဂိုးသွင်းယူခဲ့ပါသေးတယ်။ 

ခရိုအေးရှားကွင်းလယ်နဲ့ ခံစစ်ပိုင်းဟာ ဘရာဇီးလ်ကို အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့ပြီး အချိန်ပိုမှသာ နေမာရဲ့ အရမ်းကောင်းတဲ့ ထိုးဖောက်မှုကြောင့် တဂိုးပေးခဲ့ရတာပါ။ ဒါပေမယ့် သူတို့ရဲ့ လက်မလျှော့တဲ့စိတ်ဓာတ်ပိုင်းနဲ့အတူ ချေပဂိုးပြန်သွင်းနိုင်ခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်ခံယူဖို့အထိ စွမ်းဆောင်နိုင်ခဲ့ကာ ဂိုးသမားလီဗာကိုဗစ်က လက်စွမ်းထပ်ပြလို့ သူတို့ ထပ်အနိုင်ရခဲ့ပါတယ်။ 



ပွဲအပြီးမှာလည်း မိုဒရစ်ဟာ ဘရာဇီးလ်ကစားသမားတွေကို တဦးချင်းစီ လိုက်လံနှုတ်ဆက်ကာ နှစ်သိမ့်အားပေးခဲ့ပါတယ်။ နေမာ၊ ရိုဒရိုင်ဂို၊ ဗင်နီရှပ်၊ ကက်စ်မဲရိုး၊ အန်တိုနီတို့ကို မိုဒရစ်က နှစ်သိမ့်ပြောဆိုမှုတွေပြုလုပ်ခဲ့ပြီး သူ့ရဲ့ ခြေစွမ်းနဲ့တင်မက စိတ်ဓာတ်၊ အမူအယာတွေနဲ့ပါ မိုဒရစ်က ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့ပြီး ချီးကျူးမှုတွေကိုလည်း ရရှိခဲ့ပါတယ်။ 

ခရိုအေးရှားကတော့ ဆီမီးဖိုင်နယ်မှာ အာဂျင်တီးနားနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး နောက်ထပ်အင်အားကြီးအသင်းနဲ့ ထပ်မံတွေ့ဆုံတာပါ။ နေမာတို့နဲ့ ရင်ဆိုင်အပြီး မက်ဆီတို့နဲ့ ထပ်ကစားရမှာမို့ ကြီးမားတဲ့ စမ်းသပ်မှုကိုပါ ကြုံတွေ့ရဦးမှာပါ။ 

Share

Loading Next Article...
က္က