ဒီရာသီမှာ ဒေးဗစ်မိုယက်စ်နဲ့အတူ ခြေစွာနေတဲ့ ဝက်စ်ဟမ်းက အိမ်ကွင်းမှာ လီဗာပူးကို ၃-၂ ဂိုးနဲ့ အနိုင်ယူသွားတာပါ။

အိမ်ရှင်ဝက်စ်ဟမ်းက ဒီပွဲမှာ ဇူးမား၊ ခရက်စ်ဝဲလ်၊ ဒကလန်ရိုက်စ်၊ ဆိုချက်ခ်၊ ဘိုဝင်၊ အန်တိုနီယိုတို့ကို အမာခံထားပြီး ၄-၂-၃-၁ ပုံစံနဲ့ ပွဲထွက်လာခဲ့ပါတယ်။ လီဗာပူးကတော့ တိုက်စစ်မှာ မာနေး၊ ဆာလာ၊ ဂျိုတာတို့နဲ့ ပွဲထွက်လာခဲ့ပြီး ကွင်းလယ်မှာ ချိန်ဘာလိန်ပါဝင်လာခဲ့သလို ကျန်တဲ့နေရာတွေမှာလည်း လူစုံပါဝင်ခဲ့ပါတယ်။



လီဗာပူးက တိုက်စစ်စခဲ့တယ်ဆိုပေမယ့် မထင်မှတ်ဘဲ ဝက်စ်ဟမ်းတို့ ထောင့်ကန်ဘောကတစ်ဆင့် ဂိုးရခဲ့ပြီး အယ်လစ်ဆန် ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တာပါ။ ဒီဂိုးမှာ အယ်လစ်ဆန်ကို အော့ဘွန်နာ ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်၊ လက်ထိခဲ့တယ်ဆိုတာနဲ့ VAR ကြည့်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ အော့ဘွန်နာအနေနဲ့ သာမန် Jumping သာဖြစ်ခဲ့ပြီး အယ်လစ်ဆန်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာမျိုးလည်း မရှိပါဘူး။

ဂိုးရပြီးတဲ့နောက် ဝက်စ်ဟမ်းက တိုက်စစ်မှူးအန်တိုနီယိုပါ ကွင်းတစ်ဝက်ဆင်းပြီး ခံစစ်ကိုကူခဲ့တာကြောင့် လီဗာပူးတို့ ကစားရတာ တော်တော်လေးကျပ်သွားပါတယ်။ ဒါပေမယ့် ပွဲကစားချိန် မိနစ် (၄၀) မှာတော့ လီဗာပူးတို့ ချေပဂိုးပြန်ရခဲ့ပြီး ဖရီးကစ်ကတစ်ဆင့် အာနိုးလ်က လှလှပပကန်သွင်းသွားခဲ့တာပါ။

ဒုတိယပိုင်းပြန်စချိန်မှာတော့ နှစ်သင်းလုံး အပြန်အလှန် ထိုးဖောက်ခဲ့ပြီး ဒကလန်ရိုက်စ်ရဲ့ ခေါင်းတိုက်ချက် ဘားတန်းထိထွက်ခဲ့သလို မာနေးရဲ့ ကန်ချက်ကိုလည်း ဖေဘီယန်စကီးကာကွယ်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းကတော့ တော်တော်လေးကြည့်လို့ကောင်းခဲ့ပြီး ဝက်စ်ဟမ်းကလည်း ခံစစ်မှာချည်းမထိုင်တော့ဘဲ တိုက်စစ်ပြန်ဆင်ဖို့ ကြိုးစားလာပါတယ်။

(၆၈) မိနစ်မှာတော့ ဝက်စ်ဟမ်းက နောက်ထပ်ဦးဆောင်ဂိုး ထပ်ရခဲ့ပြီး တန်ပြန်တိုက်စစ်ကတစ်ဆင့် ဘိုဝင် ဖန်တီးပေးတာကို ဖော်နယ်က ကန်သွင်းယူသွားခဲ့တာပါ။ ဆက်တိုက်ဆိုသလိုပဲ ဝက်စ်ဟမ်းတို့ အခွင့်အရေးတွေ ရခဲ့ပြီး (၇၃) မိနစ်မှာ ဘိုဝင်ရဲ့ ထောင့်ကန်ဘောကတစ်ဆင့်ပဲ ဇူးမားက ဝက်စ်ဟမ်းအတွက် အနိုင်သေချာစေမယ့် ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဇူးမားအတွက်လည်း ဒီဂိုးက ဝက်စ်ဟမ်းအတွက် ပထမဆုံးသွင်းဂိုးဖြစ်ခဲ့ပါတယ်။

လူစားဝင်တိုက်စစ်မှူး အိုရီဂီချေပဂိုးတစ်ဂိုးသွင်းပေးမယ့် လီဗာပူးတို့ လိုအပ်နေတဲ့ နောက်ထပ်ချေပဂိုးကိုတော့ မရလိုက်ပါဘူး။

လီဗာပူးအတွက် ဒါက ဒီရာသီ ပထမဆုံးပြိုင်ပွဲစုံ ရှုံးပွဲဖြစ်ခဲ့ပြီး ဒီရလဒ်ကြောင့်ပဲ အဆင့် (၄) နေရာအထိ ရောက်ရှိသွားခဲ့ရပါတယ်။ ဝက်စ်ဟမ်းကလည်း အဆင့် (၃) ကို တက်လာခဲ့ပြီး ဒုတိယနေရာက မန်စီးတီးနဲ့ အမှတ်တူ၊ ဇယားထိပ်က ချဲလ်ဆီးနဲ့ (၃) မှတ်အကွာကို ရောက်ရှိလာခဲ့ပါတယ်။

Share

က္က