အိမ်ကွင်းမှာ နိုင်ပွဲနဲ့ ဖွင့်နိုင်ခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ဝုလ်ဗ်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ယူနိုက်တက်က နောက်ခံလူ ဗာရန်းရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့အတူ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲက နှစ်သင်းလုံးအတွက် ဒီရာသီ ပထမဆုံး ပရီးမီးယားလိဂ်ပွဲဖြစ်ခဲ့ပြီး ပွဲစဉ် (၁) ရဲ့ နောက်ဆုံးကစားခဲ့တဲ့ပွဲလည်း ဖြစ်ခဲ့ပါတယ်။



ယူနိုက်တက်နည်းပြ တန်ဟက်ခ်က ဒီပွဲမှာ လူစုံတက်စုံ ပွဲထုတ်ခဲ့ပါတယ်။ ဂိုးသမား အိုနာနာ၊ နောက်တန်းမှာ ဝမ်ဘစ်ဆာကာ၊ ဗာရန်း၊ မာတီနက်ဇ်၊ လုခ်ရှော၊ ကွင်းလယ်မှာ ကက်စ်မဲရိုး၊ ဘရူနိုဖာနန်ဒက်စ်၊ မေဆင်မောင့်၊ တိုက်စစ်မှာ ဂါနာချို၊ အန်တိုနီ၊ ရပ်ရှ်ဖို့ဒ်တို့ ပါဝင်ခဲ့ပါတယ်။

နောက်ထပ် တိုက်စစ်မှူးသစ် ဟို့ဂျ်လန်းကတော့ ဒဏ်ရာပြဿနာကြောင့် ပါဝင်နိုင်ခြင်းမရှိသေးပါဘူး။ ယူနိုက်တက်ရဲ့ ကစားပုံကို ဒီပွဲမှာ ပရိသတ်တွေက အများကြီး မျှော်လင့်ထားပေမယ့် ကစားသမားတွေရဲ့ အပေးအယူ၊ အချိတ်အဆက်တွေက လိုအပ်ချက်တွေရှိခဲ့တာကြောင့် ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

ယူနိုက်တက်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ ပွဲကစားချိန် (၇၆) မိနစ်မှာ ဗာရန်းက သွင်းယူပေးခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ယူနိုက်တက်တို့ ရာသီအဖွင့်ပွဲမှာ နိုင်ပွဲရရှိခဲ့တာဖြစ်ပြီး ခြေစွမ်းပိုင်းအရ ကျေနပ်စရာ မကောင်းသေးတာကိုတော့ လက်ခံရမှာပါ။

ဒီပွဲမှာ ယူနိုက်တက် ကစားသမားတွေက ကြံ့ခိုင်မှုပိုင်းအရ အားနည်းချက်တွေရှိနေပြီး ကွင်းလယ်ပိုင်းမှာလည်း ဘရူနိုဖာနန်ဒက်စ်နဲ့ မေဆင်မောင့်တို့ ကစားပုံထပ်နေသလိုဖြစ်နေတာက အသင်းရဲ့ ကစားဟန်ကို အနည်းနဲ့အများ အကျိုးသက်ရောက်မှုရှိခဲ့ပါတယ်။ တန်ဟက်ခ်အတွက်ကတော့ နောက်ထပ် ပြင်ဆင်စရာတွေရှိနေသေးတာကို မြင်တွေ့ခဲ့ရတဲ့ပွဲလည်း ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က