ယူနိုက်တက်ရဲ့ အမှုဆောင်အရာရှိချုပ်အသစ် အိုမာဘာရာဒါက အသင်းမှာ တစ်နှစ်ကနေ နှစ်နှစ်အထိ ပုံမှန်ခြေစွမ်းအောက် ရောက်ရှိနေတဲ့ ကစားသမားတွေကို အသင်းကနေ ရှင်းထုတ်ရမယ်လို့ အသိပေးထားပါတယ်။ ဘာရာဒါဟာ ဒီတစ်ပတ်အတွင်းမှ ယူနိုက်တက် စီအီးအိုအဖြစ် ခန့်အပ်ခံခဲ့ရတာပါ။
သူဟာ မန်စီးတီးရဲ့ အောင်မြင်မှုတွေမှာလည်း နောက်ကွယ်ကနေ ပါဝင်ပတ်သက်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဆာဂျင်မီရက်ကလစ်ဖ်ဟာ အသင်းတွင်း ကြီးမားတဲ့ အပြောင်းအလဲအဖြစ် ဘာရာဒါကို ခန့်အပ်ခဲ့ပြီး ဘာရာဒါက ကစားသမားတွေရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖို့ရှိပါတယ်။
လက်ရှိ ယူနိုက်တက်မှာ ပုံမှန်ခြေစွမ်းမပြနိုင်ဘဲ ပွဲထွက်ခွင့်ရနေတဲ့ ကစားသမားတွေ၊ အသင်းမှာရှိနေတဲ့ ကစားသမားတွေ အများအပြားရှိနေပါတယ်။ ဒီအပေါ်မှာ ဘာရာဒါက စိတ်တိုင်းမကျဘဲ ကစားသမားတစ်ယောက်က တစ်နှစ်ကနေ နှစ်နှစ်အထိ ပုံမှန်ခြေစွမ်းအောက် ရောက်နေမယ်ဆိုရင် အသင်းကနေ ထွက်ခွာစေဖို့ ပြင်ဆင်နေတာပါ။
လက်ရှိ ယူနိုက်တက်ရဲ့အားကစားဆိုင်ရာ ဘုတ်အဖွဲ့ကို တာဝန်ယူသွားမယ့် ပုဂ္ဂိုလ်တွေကလည်း အသင်းကို ကာလရှည်ကြာ ဒုက္ခပေးလာခဲ့တဲ့ ကိစ္စရပ်တစ်ခုဖြစ်တဲ့ ခြေစွမ်းမပြနိုင်ဘဲ အသင်းမှာဆက်ရှိနေတဲ့ အခြင်းအရာကို ပြောင်းလဲပစ်ဖို့ ဆန္ဒရှိနေပါတယ်။ ယူနိုက်တက်ဟာ နောက်ပိုင်း အပြောင်းအရွှေ့တွေမှာလည်း ရောင်းမှား၊ ဝယ်မှားတွေ ဆက်တိုက်ဖြစ်ခဲ့ပါတယ်။
တန်ဟက်ခ်လက်ထက်မှာ အသည်းအသန် ခေါ်ယူခဲ့တဲ့ ကစားသမားတွေကလည်း အခုချိန်အထိ ဘာမှလောက်လောက်လားလား မလုပ်ပြနိုင်သေးဘဲ အသင်းကလည်း မတည်ငြိမ်တဲ့ ရလဒ်ပိုင်းတွေနဲ့အတူ ဆက်တိုက် ရုန်းကန်နေရပါတယ်။