တောင်ကိုရီးယားသားအတွက်တော့ ဖိအားတွေရှိလာပါပြီ။

ဒီရာသီမှာ ဂိုးပေါက်ပျောက်နေတဲ့ ဆွန်ဟောင်မင်ကို အသင်းလူစာရင်းကနေ ချန်လှပ်တာမျိုးတွေ ရင်ဆိုင်ရနိုင်တယ်လို့ စပါးနည်းပြကွန်တီက သွယ်ဝိုက်သတိပေးလိုက်ပါပြီ။ ပြီးခဲ့တဲ့ရာသီမှာ လိဂ်ဂိုး ၂၃ ဂိုးအထိသွင်းယူပြီး ရွှေဖိနပ်ဆုဆွတ်ခူးနိုင်ခဲ့တဲ့ ဆွန်ဟောင်မင်က ဒီရာသီမှာ တဂိုးမှမသွင်းနိုင်ဖြစ်နေပြီး ရုန်းကန်နေရကာ လက်ရှိပုံစံကနေ မရုန်းထွက်နိုင်ရင်တော့ အလှည့်ကျကစားပုံမှာ လိုက်လျောညီထွေဖြစ်အောင် နေရတော့မှာဖြစ်ပါတယ်။ 



အသက် ၃၀ အရွယ် ဆွန်ဟောင်မင်ကို ပြီးခဲ့တဲ့ပွဲစဉ်တွေအထိ ကွန်တီက ပုံမှန်ကစားခွင်ပေးထားခဲ့ပါတယ်။ ဒါပေမယ့် တဖက်မှာ ရစ်ချာလီဆန်က ဂိုးတွေသွင်းယူလာနေသလို ကိန်းကလည်း ပုံမှန်ခြေစွမ်းပြနေတာကြောင့် တိုက်စစ်ပိုင်းအတွက် လူရွေးချယ်ရာမှာ ပုံစံကောင်းရနေတဲ့ သူတွေကိုသာ ဦးစားပေးမယ်လို့ ကွန်တီက ပြောဆိုခဲ့ပြီး အသင်းကောင်းဖို့အတွက် ရည်ရွယ်တာလို့လည်း ရှင်းပြခဲ့ပါတယ်။ 


ဒီနေ့မှာ စပါးက စပို့တင်းလစ္စဘွန်းနဲ့ ချန်ပီယံလိဂ်ပွဲကစားရမှာဖြစ်ပြီး ကိန်း၊ ဆွန်၊ ရစ်ချာလီဆန်၊ ကူလူဆက်ဗ်စကီးတို့ ၄ ဦးထဲက ဘယ်သူ့ကို ပွဲထုတ်မလဲဆိုတာ စောင့်ကြည့်ရတော့မှာပါ။ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ကွန်တီက - 

"အရေးကြီးတဲ့အရာတခုကို တည်ဆောာက်ဖို့၊ ရည်မှန်းချက်ကြီးမားပြီး အနိုင်ရဖို့ကြိုးစားချိန်မှာ အလေ့အထဟောင်းတွေကို ပြောင်းလဲဖို့လိုတယ်လို့ ကျနော်ထင်တယ်၊ မဟုတ်ဘူးဆိုရင်တော့ ဒါက အသင်းမှာ ဟန်ချက်ညီနေအောင်လောက်ပဲ နေချင်တာလို့ဆိုပြီး ရည်မှန်းချက်မရှိဘူးလို့ ဆိုလိုတာဖြစ်ပါလိမ့်မယ်၊ ဒီအတွက်ကြောင်းပြချက်ကတော့ ကစားသမားအားလုံး အလှည့်ကျကစားပုံကို လက်ခံဖို့ပါပဲ"

"အထူးသဖြင့် တိုက်စစ်ပိုင်းမှာပါ၊ ကျနော်တို့မှာ ကစားသမား ၄ ဦးအထိရှိတယ်၊ ကျနော့်အတွက် လက်ရှိမှာ ဘယ်သူ့ကို ချန်ရမလဲဆိုတာက အရမ်းခက်ခဲတဲ့အချိန်ဖြစ်နေပါတယ်၊ ဒါပေမယ့် အသင်းအတွက်ရော၊ ကစားသမားတွေအတွက်ပါ အကောင်းဆုံးဆုံးဖြတ်ချက်ကို ကျနော်ချမှတ်မှာပါ၊ တခါတလေမှာ အနားယူတာနဲ့ ပွဲထွက်မကန်တာက ကောင်းမွန်ပါတယ်၊ မိနစ် ၂၀၊ ၃၀လောက်ပဲ ကစားနေတာက ပိုကောင်းတယ်၊ ကျနော်က အလေ့အထဟောင်းတွေကို ပြောင်းလဲဖို့ ကြိုးစားနေတာပါ"

"အရင်ကတော့ ကစားသမားတွေက ပွဲတိုင်းကစားချင်တယ်၊ ဒီလိုအနေအထားတွေမှာ ဖြစ်ပျက်ခဲ့တာကတော့ အနိုင်ရဖို့ အလားအလာကောင်းတွေမရှိခဲ့တာပါပဲ၊ ကစားသမားတွေပျော်ရွှင်နေအောင်လုပ်ဖို့ ကြိုးစားရမှာပါ၊ ဒါပေမယ့် အသင်းကြီးတွေမှာတော့ ကြီးမားတဲ့ ကစားသမားအင်အားရှိပါတယ်၊ ကျနော်တို့မှာတော့ အဲလိုမျိုးမရှိပါဘူး၊ ဒါပေမယ့် ဒီလမ်းကြောင်းကို ရောက်အောင် ကျနော်တို့ ကြိုးစားဖို့လိုပါတယ်" လို့ ပြောဆိုသွားခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က