ရီးရဲလ်မက်ဒရစ်အသင်းကွင်းလယ်လူတိုနီခရူးစ်ဟာ အသင်းဘက်က သူ့ကိုစာချုပ်သစ်ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခဲ့တယ်လို့ သိရပါတယ်။ ပယ်ချရတဲ့အကြောင်းရင်းကတော့ အသင်းမှာ ဆက်မနေချင်လို့မဟုတ်ဘဲ လာမယ့်ရာသီမှာ သူ့ရဲ့ခြေစွမ်းကို အကဲဖြတ်စောင့်ကြည့်ဖို့ဖြစ်ပြီး တကယ်လို့သာ သူ ခြေစွမ်းမပြနိုင်ပါက အသင်းအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေမှာကို စိုးရိမ်တာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။
အသက် ၃၂ နှစ်အရွယ် ဂျာမနီကွင်းလယ်လူဟာ ပြီးခဲ့တဲ့နှစ်အပိုင်းအခြားတွေမှာ ဘာနေဗျူးကလပ်ရဲ့ အဓိကအကျဆုံးကစားသမားတွေထဲက တဦးအဖြစ်ရှိနေခဲ့သူဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ရဲ့ ဥရောပအောင်မြင်မှုတွေမှာလည်း အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်နေခဲ့ပြီး စာချုပ်သက်တမ်းတနှစ်ကျန်နေချိန်မှာ အသင်းဘက်က စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။
ခရူးစ်ရဲ့ ပယ်ချမှုအပေါ်မှာ အသင်းတာဝန်ရှိသူတွေဘက်က အံ့အားသင့်ခဲ့ကြတယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် အကြောင်းရင်းကို သိတဲ့အချိန်မှာ ကစားသမားရဲ့ ဆန္ဒကို လေးစားတဲ့အနေနဲ့ အသင်းဘက်က ခွင့်ပြုပေးခဲ့တယ်လို့လည်း ရီးရဲလ်မက်ဒရစ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဖော်ပြခဲ့ပြီး ပရိသတ်တွေက ခရူးစ်ကို ချီးကျူးခဲ့ကြပါတယ်။
ဘိုင်ယန်မြူးနစ်ကနေ ရီးရဲလ်မက်ဒရစ်ကို ရောက်ရှိချိန်ကစလို့ လက်ရှိအချိန်ထိ တိုနီခရူးစ်က ကွင်းလယ်တနေရာကို အပိုင်စားရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် အသင်းအတွက် ၈ နှစ်ကြာကစားပေးထားပြီးဖြစ်ကာ ချန်ပီယံလိဂ်ဖလား ၅လုံးအထိ ရယူနိုင်ခဲ့ပြီး လာလီဂါဖလား ၃ လုံးလည်း ဆွတ်ခူးနိုင်ခဲ့ကာ အခြားသောအောင်မြင်မှုတွေလည်း အများအပြားရှိနေခဲ့ပါတယ်။