ယူနိုက်တက်တို့ ဘရန့်ဖို့ဒ်ကို ခြေပြတ်ဂိုးပြတ်ရှုံးခဲ့တာပါ။

ရှက်ရွံ့စရာကောင်း၊ စိတ်ပျက်စရာကောင်းတဲ့ ယူနိုက်တက်ကို မြင်တွေ့ခဲ့ရတာပါ။ ဒီအသင်းက သိကြားမင်းဆင်းကယ်တောင် ရမယ့်အသင်းမဟုတ်ဘူးလို့တောင် ခံစားစေရပြီး စိတ်ဓာတ်၊ ခြေစွမ်း၊ လုပ်ရည်ကိုင်ရည်အားလုံးက သုညတောင်မဟုတ်တဲ့ အနှုတ်ဘက်အထိကို ရောက်နေခဲ့တာပါ။ ဒီဂီယာကို ပစ်ပယ်သင့်ပြီဆိုတဲ့စကားတွေက အလကားမဟုတ်ခဲ့ပါဘူး။



ပထမပေးလိုက်ရတဲ့ဂိုးမှာ အကွဲကွဲအပြဲပြဲဖြစ်အောင်မှားခဲ့သလို ဒုတိယဂိုးမှာလည်း တော်တော်ရုပ်ပျက်တဲ့အမှားအယွင်းကို ကျူးလွန်ခဲ့တာပါ။ ဒီဂိုးသမားက Traditional Keeper တယောက်သာဖြစ်ပြီး မော်ဒန်ကစားကွက်မှာ ဘယ်လိုမှသုံးလို့မရတော့တဲ့ ဂိုးသမားဖြစ်သွားပါပြီ။ လီဆန်ဒရိုက ပရီးမီးယားလိဂ်အတွက် အဆင်သင့်မဖြစ်သေးတာကို ဒီပွဲမှာ မြင်တွေ့ခဲ့ရပါတယ်။ ဗာရန်းလို ကစားသမားမျိုးကိုကျော်ပြီး မက်ဂွိုင်းရားကို ပုံမှန်ပွဲထွက်ခွင့်ပေးထားတာကလည်း နားလည်ရခက်ပါတယ်။

ရန်းနစ်ဂ်ပြောသွားဖူးတဲ့စကားရှိပါတယ်။ ဒီအသင်းက ကစားသမားသစ်ဆယ်ယောက်လောက် လိုနေတဲ့အသင်းဖြစ်ပြီး အသင်းကတော့ ဒါကိုမျက်ကွယ်ပြုထားဆဲပါ။ ဂလေဇာက အသင်းဆီက အမြတ်တွေ မှန်မှန်သဲ့ယူနေတယ်၊ လိုအပ်တဲ့ ကစားသမားတွေကို ခေါ်ဖို့အတွက်တော့ အရိုးများသလေး၊ ချေးခါးသလေး လုပ်နေပါတယ်။ ဒီတော့ အသင်းလည်း ဒါမျိုးဖြစ်လာတာ မဆန်းပါဘူး။

ခြေစွမ်းစုတ်ပြတ်နေတဲ့ ဖရက်ဒ်၊ တွမ်မီနေးတို့နှစ်ယောက်ကို ဖယ်ထုတ်လို့မရဘူး၊ တယောက်မပါရင် တယောက်ကပါနေရတယ်၊ ဒီပွဲပထမပိုင်းမှာ ဖရက်ဒ်၊ ဒုတိယပိုင်းမှာ တွမ်မီနေးကို သုံးခဲ့ရတယ်။ နှစ်ယောက်လုံးလည်း ဘာမှမထူးပါဘူး။ ရပ်ရှ်ဖို့ဒ်၊ ဘရူနိုဖာနန်ဒက်စ်တို့ဆိုတာက ခြေစွမ်းပိုင်းပျမ်းမျှအောက်ကို ရောက်နေတာ အတော်ကြာပြီ။ ဒီအတွက် ဘာမှဖြေရှင်းလို့မရဘူး။ အစားထိုးသုံးစရာ လူလည်း မရှိတော့ဘူး။

ဘရန့်ဖို့ဒ်က ဒီပွဲမှာ သူတို့လုပ်စရာရှိတာကိုပဲ အကောင်းဆုံးလုပ်သွားတယ်၊ ဘာမှထူးထူးခြားခြား လုပ်ထားတယ်၊ ပြင်ဆင်ခဲ့တယ်ဆိုတာမျိုး မတွေ့ရဘူး။ မတွေ့ရအောင်ကိုပဲ ယူနိုက်တက်ခြေစွမ်းက ဆယ်ဆ၊ အဆတရာ ပိုမိုဆိုးရွားခဲ့တယ်။ ယူနိုက်တက်ရဲ့ အမှားအယွင်းတွေကို ဆက်တိုက်အသုံးချပြီး ပထမပိုင်းမှာတင် လေးဂိုးပြတ်နဲ့ ဦးဆောင်ထားပြီး ပွဲပြီးတဲ့အထိ ဒီရလဒ်နဲ့ပဲနိုင်သွားတယ်။ အခုဒီပွဲအပြီးမှာ ယူနိုက်တက်တို့ အဆင့် (၂၀) အထိ ရောက်သွားပြီ။ နောက်တပတ်ရင်ဆိုင်ရမှာက လီဗာပူး။ ဒီအခြေအနေနဲ့ လီဗာပူးဆီက သရေတမှတ်ရဖို့တောင် သွားမှန်းနေလို့မရပါဘူး။ 

Share

Loading Next Article...
က္က