စထရာဘော့နဲ့ပွဲအပြီးမှာ အမ်ဘာပေကို ဝေဖန်နေကြတာပါ။

ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီရဲ့ တိုက်စစ်ကစားသမား အမ်ဘာပေက မက်ဆီကို ဘောလုံးမပေးတာကြောင့် ကမ္ဘာ့တကိုယ်ကောင်းအဆန်ဆုံး ကစားသမားအဖြစ် သမုတ်ခံနေရပါတယ်။ မနေ့ညက စထရာဘော့နဲ့ပွဲမှာ ပီအက်စ်ဂျီတို့ သုံးဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။





ပီအက်စ်ဂျီဟာ ဒီပွဲမတိုင်ခင် ပြီးခဲ့တဲ့အပတ်က လန်းစ်နဲ့တဂိုးစီ သရေကျခဲ့တဲ့ပွဲအပြီးတည်းက ပြင်သစ်လီဂူးချန်ပီယံဖြစ်ဖို့ သေချာသွားခဲ့ပါတယ်။ ဒါပေမယ့် မနေ့ညကပွဲမှာလည်း ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုက အမ်ဘာပေ၊ မက်ဆီ၊ နေမာတို့နဲ့ လူစုံတက်စုံ ပွဲထွက်ခဲ့ပါတယ်။

ဒီပွဲမှာ ပီအက်စ်ဂျီအတွက် အမ်ဘာပေက နှစ်ဂိုးသွင်း၊ တဂိုးဖန်တီးပေးခဲ့ပါတယ်။ အမ်ဘာပေဟာ ပွဲကစားချိန် (၂၃) မိနစ်နဲ့ (၆၈) မိနစ်တို့မှာ ဂိုးသွင်းယူနိုင်ခဲ့သလို (၆၄) မိနစ်မှာရရှိခဲ့တဲ့ ဟာကီမီရဲ့သွင်းဂိုးအတွက်လည်း ဖန်တီးပေးခဲ့ပါသေးတယ်။

အမ်ဘာပေဟာ ဒီပွဲက စွမ်းဆောင်ရည်ကြောင့် ပြင်သစ်လီဂူးမှာ သွင်းဂိုး (၂၄) ဂိုး၊ ဂိုးဖန်တီးမှု (၁၆) ကြိမ်ရှိလာခဲ့ပြီး ဂိုးသွင်းအများဆုံးနဲ့ ဂိုးဖန်တီးမှုအများဆုံး ကစားသမားအဖြစ် ရပ်တည်နေခဲ့ပါပြီ။ ဒါပေမယ့်လည်း ပရိသတ်တွေကတော့ ဒီပွဲမှာ မြင်တွေ့ခဲ့ရတဲ့ အမ်ဘာပေရဲ့ လုပ်ရပ်ကို ဝေဖန်နေကြပါတယ်။



ဒါကတော့ မက်ဆီထံ ဘောလုံးမပေးတာကြောင့်ဖြစ်ပြီး မက်ဆီကတော့ ဒီပွဲမှာ တဂိုးမှလည်းမသွင်း၊ တဂိုးမှလည်း မဖန်တီးနိုင်ခဲ့ပါဘူး။ အမ်ဘာပေဟာ ပထမပိုင်းပြီးခါနီးမှာတကြိမ်၊ ဒုတိယပိုင်းပြီးခါနီးမှာတကြိမ် အပိုင်ပိုသေချာတဲ့ မက်ဆီထံ ဘောလုံးမပေးဘဲ တကိုယ်ကောင်းဆန်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။



အဲ့ဒါကြောင့်လည်း ပရိသတ်တွေက “ငါအရင်တည်းက ပြောနေကျပဲ။ အမ်ဘာပေထက် ပိုပြီး တကိုယ်ကောင်းအဆန်ဆုံး ကစားသမားကိုလည်း မမြင်ဖူးပါဘူး” “ပိုကောင်းတဲ့ အနေအထားမှာရှိတဲ့ သူကိုပေးရမှာ အလိုအလျောက်သိသင့်တဲ့ကိစ္စပါ။ အမ်ဘာပေကတော့ ဆိုးဆိုးရွားရွားကို လုပ်ခဲ့ပါတယ်” “အမ်ဘာပေက မက်ဆီကို လျစ်လျူရှုခဲ့ပြီး သူ တကိုယ်ကောင်းဆန်တဲ့အကြောင်းက ပြောလို့ကို မလောက်အောင်ပါပဲ” လို့ ဝေဖန်ခဲ့ကြပါတယ်။



ပိုမိုဆိုးရွားတဲ့အချက်က ဒုတိယပိုင်းပြီးခါနီးမှာ အမ်ဘာပေ မက်ဆီကို လူမပေးဘဲ တကိုယ်ကောင်းဆန်ဆန် ကန်သွင်းလိုက်ချိန်မှာ ပီအက်စ်ဂျီတို့ စထရာဘော့ကို ၂-၃ ဂိုးနဲ့ အနိုင်ရရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့် မကြာခင်မှာပဲ ချေပဂိုးပေးလိုက်ရပြီး ပီအက်စ်ဂျီတို့ အဝေးကွင်းမှာ သရေတမှတ်နဲ့ ကျေနပ်ခဲ့ရတာပါ။ 

Share

က္က