ချဲလ်ဆီးနည်းပြ ပိုချက်တီနိုက လူတန်တောင်းကို ၂-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ အသင်းအတွက် ခြေစွမ်းပြ သွင်းဂိုး နှစ်ဂိုးသွင်းယူခဲ့တဲ့ ပါးလ်မားကို ဒီမာရီယာနဲ့ နှိုင်းယှဉ်ချီးကျူးခဲ့ပါတယ်။ ပါးလ်မားဟာ ပြီးခဲ့တဲ့နွေရာသီကမှ ချဲလ်ဆီးကို ရောက်ရှိလာခဲ့တာပါ။
မန်စီးတီးအကယ်ဒမီထွက် ဒီကစားသမားအတွက် ချဲလ်ဆီးတို့ ပြောင်းရွှေ့ကြေး ပေါင် (၄၅) သန်း + ပေါင် (၅) သန်း ပေးချေခဲ့ရပါတယ်။ ပါးလ်မားကလည်း အသင်းသစ်နဲ့ ပထမဆုံးရာသီမှာပဲ အသင်းအတွက် (၇) ဂိုးသွင်း၊ (၃) ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ပေးခဲ့ပြီးဖြစ်ပါတယ်။
ဒါ့အပြင် (၂၀၂၃) ခုနှစ်အတွင်း ချဲလ်ဆီးရဲ့ သွင်းဂိုးတွေမှာ ပါးလ်မားက ပါဝင်ပတ်သက်မှု အများဆုံးဖြစ်ခဲ့ပြီး သူ့ထက် ပိုများတဲ့ ချဲလ်ဆီးကစားသမားလည်း မရှိခဲ့ပါဘူး။ မနေ့ညက လူတန်တောင်းကို နိုင်တဲ့ပွဲအပြီးမှာတော့ ပါးလ်မားကို ချီးကျူးသံတွေ ကျယ်လောင်လာခဲ့ပါတယ်။
ပိုချက်တီနိုကလည်း “ဘယ်သန်ကစားသမားလည်းဖြစ်၊ ကစားတဲ့နေရာအရလည်း ပါးလ်မားက ဒီမာရီယာနဲ့ ဆင်တူ အရည်အချင်းမျိုးတွေရှိပါတယ်။ သူက ရေရှည်မှာ ဒီမာရီယာလိုမျိုး ဖြစ်လာနိုင်တဲ့ ကစားသမားပါ။ ဒီမာရီယာက ကမ္ဘာ့ချန်ပီယံ ကစားသမားတစ်ယောက်ပါ။ သူက ကျွန်တော်နဲ့ ပဲရစ်မှာ လက်တွဲခဲ့ဖူးပြီး အံ့အားသင့်ဖွယ် ကစားသမားတစ်ယောက်ပါ”
“ပါးလ်မားက ကျွန်တော်တို့ အသင်းကို စရောက်တဲ့အချိန်ကစပြီး ပုံစံကောင်းပြနိုင်ခဲ့ပါတယ်။ အသင်းဖော်တွေနဲ့၊ ချဲလ်ဆီးကစားသမားဘဝမှာ ကောင်းကောင်းအသားကျခဲ့ပြီး ဒါက တကယ်ကို အံ့အားသင့်စရာပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။