ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပင်နယ်တီလွဲခဲ့တဲ့ ချူဝါမန်နီနဲ့ ကိုးမန်း၊ အပိုင်အခွင့်အရေးကို အသုံးမချနိုင်ခဲ့တဲ့ ကိုလိုမူနီတို့ဟာ လူမျိုးရေးခွဲခြားမှုတွေကို ရင်ဆိုင်နေရပါတယ်။ အာဂျင်တီးနားကို အရေးနိမ့်ခဲ့တဲ့နောက်မှာ ပြင်သစ်ပရိသတ်တွေက ဒီကစားသမား ၃ ဦးကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပြီး လူမှုကွန်ရက်အကောင့်တွေမှာ ကွန်မန့်ပေးလို့မရအောင်ပါ ချူဝါမန်နီတို့ ပိတ်ပစ်ခဲ့ရပါတယ်။
သူတို့ကို ငှက်ပျောသီးအီမိုဂျီ၊ မျောက်ပုံတွေနဲ့အတူ စော်ကားရေးသားခဲ့ကြတာဖြစ်ပြီး ကစားသမားတွေဟာ ဒီအတွက် စိတ်ထိခိုက်ခဲ့ရတယ်လို့သိရပါတယ်။ ချူဝါမန်နီဟာ ပြင်သစ်ကွင်းလယ်မှာ အကောင်းဆုံးကစားနိုင်ခဲ့သူဖြစ်ပေမယ့်လည်း ပင်နယ်တီလွဲချော်ခဲ့တာကြောင့် အပြစ်ရှိသူတဦးလို ဆက်ဆံခဲ့ရပြီး ဂျာမနီနာမည်ကျော်ကွင်းလယ်လူဟောင်းအိုဇေးလ်လို အဖြစ်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
အိုဇေးလ်က "အနိုင်ရချိန်မှာ ကျနော်တို့က ဂျာမနီကို ကိုယ်စားပြုပြီး ရှုံးရင်တော့ ရွှေ့ပြောင်းနေထိုင်သူတွေဖြစ်သွားတယ်" လို့ ပြောဆိုခဲ့ဖူးပါတယ်။ ချူဝါမန်နီတို့လည်း အသင်းအတွက် ခြေစွမ်းပြဂိုးတွေသွင်းနေချိန်မှာ ချိးကျူးခံခဲ့ရပြီး အရေးနိမ့်ချိန်မှာတော့ လူမျိုးရေးခွဲခြားခံခဲ့ရကာ ပြင်သစ်လူမျိုးအစစ်မဟုတ်ဘဲ အာဖရိကသားတွေဖြစ်တယ်လို့ အနှိမ်ခံနေရတာဖြစ်ပါတယ်။
ဒီလိုပြုလုပ်ခဲ့တဲ့သူတွေကို ပရိသတ်တွေက ပြန်လည်ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပြီး ခြေစွမ်းပြနေချိန်မှာတုန်းက ချီးကျူးဖို့တော့ ဝန်လေးနေခဲ့ကြတယ်လို့ ပြစ်တင်ခဲ့ကြပါတယ်။ ကိုးမန်းနဲ့ ချူဝါမန်နီဟာ ပင်နယ်တီအဆုံးအဖြတ်ကန်သွင်းမှုမှာ လွဲချော်ခဲ့ကြပြီး မူနီကတော့ ပွဲပြီးခါနီးမှာရရှိတဲ့ အပိုင်အခွင့်အရေးကို အသုံးမချနိုင်ခဲ့ဘဲ အာဂျင်တီးနားဂိုးသမားမာတီနက်ဇ်က ကာကွယ်သွားနိုင်ခဲ့ပါတယ်။