ဂရေဟမ်ပေါ်တာရဲ့ ချယ်လ်ဆီးကတော့ ချန်ပီယံလိဂ်မှာလည်း နိုင်ပွဲဆက်ပျောက်ခဲ့ပြီး ဒေါ့မွန်ကို အရေးနိမ့်ခဲ့ကာ ဒုတိယအကျော့ကို ရုန်းကန်ရတော့မှာဖြစ်ပါတယ်။ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်ကို ဂျာမနီမှာ သွားကစားရတာဖြစ်ပြီး ချယ်လ်ဆီးဟာ ဂိုးကန်သွင်းခွင့်အများအပြားရရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ဘဲ တလုံးတည်းသောဂိုးနဲ့ အရေးနိမ့်ခဲ့ကာ ဒုတိယအကျော့စတန်းဖို့ဒ်ဘရစ်ကွင်းမှာ ကစားရမယ့်ပွဲကို ရုန်းကန်ရတော့မှာဖြစ်ပါတယ်။
တပွဲလုံးမှာ ချယ်လ်ဆီးတို့ ဂိုးကန်သွင်းချက် ၂၁ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီး ဂိုးပေါက် ၈ ကြိမ်တည့်ခဲ့ပေမယ့် တဂိုးမှမရခဲ့တာဖြစ်ပါတယ်။ ဒေါ့မွန်ကတော့ ဂိုးပေါက်တည့်မှု ၂ ကြိမ်တည်းသာရှိပေမယ့် အဒီယီမီရဲ့ လှပတဲ့ ဂိုးကန်သွင်းချက်နဲ့အတူ အဖိုးတန်အနိုင်ဂိုးရရှိခဲ့ကာ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ဖို့ အခြေအနေကောင်းသွားခဲ့ပြီး ဒုတိယအကျော့မှာ သရေကစားနိုင်ရုံနဲ့ နောက်တဆင့်ကို တက်ရောက်နိုင်မှာပါ။
ထုံးစံတိုင်း ဂရေဟမ်ပေါ်တာက ကိုင်ဟာဗက်ဇ်ကို အထောင်ထားပြီး မူဒရစ်၊ ယာအိုဖီလစ်၊ ဇီယက်ချ်တို့နဲ့ တိုက်စစ်ကို တည်ဆောက်ခဲ့ကာ ကွင်းလယ်မှာ အန်ဇိုဖာန်ဒက်ဇ်ကိုလည်း ထည့်သွင်းခဲ့ပါတယ်။ ချယ်လ်ဆီးက ခြေစွမ်းပိုင်းအရ အသာစီးရသလိုလို၊ ဂိုးပေါက်ခြိမ်းခြောက်မှုတွေ အသာရသလိုလိုဖြစ်ခဲ့ပေမယ့် ရလဒ်ပိုင်းမှာတော့ အသာစီးမရခဲ့ဘဲ ရှုံးနိမ့်ခဲ့ပါတယ်။
ဒီပွဲအရှုံးက ဂရေဟမ်ပေါ်တာအတွက် ဖိအားတွေ ပိုများလာပြီဖြစ်ပြီး သူ့ကို အသင်းပိုင်ရှင်တော့ဒ်ဘိုလေက ဘယ်လောက်ထိ စိတ်ရှည်မလဲဆိုတာကို စောင့်ကြည့်ရတော့မှာပါ။ ဘွန်ဒက်လီဂါမှာ ဆက်တိုက်ခြေစွမ်းပြနေတဲ့ ဒေါ့မွန်က ချယ်လ်ဆီးတိုက်စစ်ကို ကြံ့ကြံ့ခံနိုင်ခဲ့ပြီး လိုအပ်နေတဲ့ အဖိုးတန်အနိုင်ဂိုးကို မရရအောင် သွင်းယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့မှာ ဂျာမနီကလပ်တွေမျက်နှာပန်းလှခဲ့တယ်လို့ ဆိုရပါတော့မယ်။
အခြားပွဲစဉ်မှာတော့ ဘင်ဖီကာက ကလပ်ဘရုဂ်ကို အဝေးကွင်းမှာ ၂-၀ နဲ့ အနိုင်ရခဲ့ပြီး ကွာတားဖိုင်နယ်ကို ရောက်ရှိဖို့ သေချာသလောက်ဖြစ်သွားခဲ့ပါတယ်။ ဒီရာသီချန်ပီယံလိဂ်မှာ မထင်မှတ်ထားတဲ့ ခြေစွမ်းကို ပြသခဲ့တဲ့ ကလပ်ဘရုဂ်တို့ ၁၆ သင်းအဆင့်မှာတော့ မရှုမလှဖြစ်ခဲ့ရပြီဖြစ်ပါတယ်။