ရီးရဲလ်မက်ဒရစ် ကစားသမားတွေဟာ မန်စီးတီးကို အံ့အားသင့်ဖွယ် Comeback နဲ့ ပြန်လည်အနိုင်ယူခဲ့ပြီးနောက် ဘာနေဗျူးကွင်းအတွင်း အောင်ပွဲခံတဲ့နေရာမှာ အသင်းမှာ ပုံမှန်နေရာပျောက်ဆုံးနေတဲ့ ဟာဇက်ကို သတိတရနဲ့ တွဲခေါ် အောင်ပွဲခံခဲ့ကြပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ မန်စီးတီးကို ရိုဒရီဂိုရဲ့ နောက်ကျဂိုးနှစ်ဂိုး၊ ဘန်ဇီမာရဲ့ အချိန်ပို ပင်နယ်တီဂိုးတွေနဲ့ အနိုင်ယူခဲ့ပြီးနောက် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။ ဟာဇက်ဟာ (၂၀၁၉) မှာ ယူရိုသန်း (၁၀၀) နဲ့ ရီးရဲလ်မက်ဒရစ်ကို ရောက်ရှိလာတဲ့ ကစားသမားပါ။
ဒါပေမယ့် ချဲလ်ဆီးကနေ အားကိုးတကြီးနဲ့ ခေါ်ယူခဲ့ရတဲ့ ဒီကစားသမားဟာ အခုချိန်ထိ ရီးရဲလ်မက်ဒရစ်မှာ ပြောင်းရွှေ့ကြေးနဲ့ထိုက်တန်အောင် လောက်လောက်လားလား ခြေစွမ်းပြနိုင်ခြင်းမရှိသေးပါဘူး။ ဟာဇက်တယောက် ကြံ့ခိုင်မှု၊ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး ဒီရာသီကုန်မှာ အသင်းကနေ ထွက်ခွာနိုင်ခြေများပြားနေပါတယ်။
ဒီလိုမျိုး ဟာဇက်က မနေ့က ရီးရဲလ်မက်ဒရစ် ကစားသမားတွေ အောင်ပွဲခံနေချိန်မှာတော့ အသင်းဖော်တွေရဲ့ မမေ့မလျော့ဘဲ တွဲခေါ်ခြင်းကို ခံခဲ့ရပြီး ရီးရဲလ်မက်ဒရစ်အသင်းဖော်တွေရဲ့ လုပ်ရပ်ကလည်း လေးစားစရာကောင်းခဲ့ပါတယ်။ ပွဲပြီးဆုံးချိန်မှာ ဟာဇက်ဟာ ဦးထုပ်အနက်ရောင်ကိုဆောင်းပြီး ဘာနေဗျူးကွင်းထဲ ဝင်ရောက်လာခဲ့တာပါ။
သူ ဒီလိုမျိုးဝင်ရောက်လာချိန်မှာ ရီးရဲလ်မက်ဒရစ်အသင်းဖော်တွေဖြစ်တဲ့ ဗယ်လ်ဗာဒီ၊ ရိုဒရီဂို၊ ကာမာဗင်ဂါတို့က ဟာဇက်ကို နွေးနွေးထွေးထွေးကြိုဆိုခဲ့ကြပါတယ်။ ရိုဒရီဂိုနဲ့ကာမာဗင်ဂါဆိုရင် ဟာဇက်ကို ပွေ့ဖက်ကာ ပျော်ပျော်ပါးပါးနဲ့ အောင်ပွဲခံခဲ့ကြပါတယ်။ ဒါ့အပြင် ဟာဇက်ဟာ အသင်းလိုက်ဓာတ်ပုံရိုက်ကူးမှုမှာလည်း ပျော်ပျော်ပါးပါး ပါဝင်ခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ စနေညကလည်း ရီးရဲလ်မက်ဒရစ်တို့ လာလီဂါချန်ပီယံဆု ဆွတ်ခူးချိန်မှာ အသင်းဖော်တွေက အခုလိုပဲ ဟာဇက်ကို နွေးနွေးထွေးထွေး ဆက်ဆံခဲ့ကြပါသေးတယ်။ ကွင်းတွင်းမှာ အသင်းခေါင်းဆောင်အဖြစ် တောက်လျှောက်တာဝန်ယူထားတဲ့ ဘန်ဇီမာက မရယ်မပြုံးနဲ့ဖြစ်နေတဲ့ ဟာဇက်ကို ပြုံးပျော်လာအောင် လုပ်ပေးနေတဲ့ ဗီဒီယိုမှတ်တမ်းတွေကိုလည်း ပရိသတ်တွေ မြင်တွေ့ခဲ့ရပါတယ်။
ဟာဇက်ဟာ အသင်းဖော်တွေဆီက ဒီလိုမျိုး နွေးထွေးတဲ့ဆက်ဆံမှုတွေ ရရှိနေသည့်တိုင်အောင် နည်းပြ အန်ဆယ်လော့တီကတော့ ဟာဇက်ကို အသင်းကထွက်ခွာဖို့ တံခါးဖွင့်ပေးထားပါတယ်။ ကာတာကမ္ဘာ့ဖလားမှာ ပါဝင်ကစားဖို့ ဆန္ဒရှိနေတဲ့ ဟာဇက်ကလည်း ပုံမှန်ပွဲထွက်ခွင့်ရနိုင်မယ့် အသင်းတသင်းကို ပြောင်းရွှေ့ဖွယ်ရှိနေပါတယ်။