မန်စီးတီးကွင်းမှာ ယူနိုက်တက်တို့ ခြေပြတ်ဂိုးပြတ်ရှုံးခဲ့တာပါ။

မန်စီးတီးကတော့ ယူနိုက်တက်ကို အေးအေးဆေးဆေး သက်သောင့်သက်သာနဲ့ပဲ အနိုင်ယူသွားခဲ့ပါတယ်။ အားလုံး စိတ်ဝင်တစားစောင့်ကြည့်နေတဲ့ ဟာလန်းကလည်း ဂိုးသွင်း၊ ဂိုးဖန်တီးရင်း ခြေစွမ်းပြနိုင်ခဲ့သလို ယူနိုက်တက်ကတော့ မြို့ခံပြိုင်ဘက်ရဲ့နောက်မှာ အများကြီး ပြတ်ကျန်နေခဲ့သေးတယ်ဆိုတာကို ဒီပွဲက သက်သေထပ်ပြခဲ့ပါတယ်။ တန်ဟက်ခ်က ဒီပွဲမှာ သူ့စိတ်ကြိုက် လူစာရင်းကိုပဲ ပွဲထုတ်ခဲ့တာပါ။



မန်စီးတီးကတော့ ရိုဒရီမပါဝင်နိုင်ခဲ့သလို ဗဟိုနောက်ခံလူနေရာမှာလည်း အကန်ဂျီ၊ အကီတို့ကို ပွဲထုတ်ခဲ့ရပါတယ်။ တိုက်စစ်မှာ ဂရီလစ်ရှ်၊ ဖိုဒန်၊ ဟာလန်းတို့ကို တွဲဖက်ပေးခဲ့ပြီး ဒီကစားသမားသုံးယောက်လုံးက ယူနိုက်တက်နောက်တန်းကို ကောင်းကောင်းဒုက္ခပေးသွားခဲ့ပါတယ်။ (၃) မိနစ်တည်းက မန်စီးတီးတို့ ဂိုးရမလိုဖြစ်ခဲ့ပေမယ့် ဒီဂီယာလက်စွမ်းပြခဲ့တာ၊ နောက်ခံလူတွေနဲ့ ထိထွက်ခဲ့တာကြောင့် သက်သာရာရခဲ့ပါတယ်။

ဒါပေမယ့် မန်စီးတီးတို့ ဦးဆောင်ဂိုးရဖို့ ဘယ်လောက်မှမစောင့်ခဲ့ရဘဲ ဖိုဒန်က အပြင်းကန်ချက်နဲ့ အဖွင့်ဂိုးစသွင်းခဲ့ပါတယ်။ ယူနိုက်တက်က ဒီပွဲမှာ ကွင်းလယ်ပိုင်း ဘယ်လိုမှအသားစီးမရခဲ့ဘဲ မန်စီးတီးကပဲ ပွဲအရှိန်ကို အတင်အချ စိတ်ကြိုက်ပြုလုပ်ပြီး ကစားခဲ့ပါတယ်။ (၁၀) မိနစ်အတွင်း မန်စီးတီးက (၃) ဂိုးထပ်မံရရှိခဲ့ပြီး ဟာလန်းရဲ့ ဂိုးသွင်းခြေစွမ်း၊ ဖန်တီးနိုင်စွမ်းတို့ကို မြင်တွေ့ခဲ့ရပါတယ်။

ဟာလန်းက ထောင့်ကန်ဘောကတဆင့် ခေါင်းတိုက်ပြီး သွင်းယူခဲ့သလို ဒီဘရိုင်း ဖန်တီးပေးတာကိုလည်း ချိန်သားကိုက်ပြေးဝင်ပိတ်သွင်းခဲ့ပါတယ်။ အဲ့ဒီနောက် ဖိုဒန်ရဲ့သွင်းဂိုးအတွက်လည်း အကောင်းဆုံး ဖန်တီးပေးနိုင်ခဲ့ပြီး ပထမပိုင်းမှာတင် လေးဂိုးပြတ်နဲ့ ဦးဆောင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ မန်စီးတီးတို့ နည်းနည်းထိန်းကစားလာပြီး ယူနိုက်တက်က အန်တိုနီရဲ့ ဧရိယာအပြင်က ကန်ချက်နဲ့အတူ နှစ်သိမ့်ဂိုးတဂိုး ပြန်လည်ရရှိခဲ့ပါတယ်။

ဒါပေမယ့် လူစားဝင်ကစားသမား မက်ဆီဂိုးမက်ဇ်ရဲ့ ဖန်တီးပေးမှုကတဆင့် ဟာလန်းက သူ့အတွက် ဟက်ထရစ်သွင်းဂိုး၊ ဟာလန်းရဲ့ ဖန်တီးပေးမှုကတဆင့် ဖိုဒန်က ဟက်ထရစ်ဂိုးတွေကို သွင်းယူပေးခဲ့ပါတယ်။ ယူနိုက်တက်အတွက် ချေပဂိုးနှစ်ဂိုးကို မာရှယ်လ်က လူစားဝင်လာပြီး သွင်းယူပေးခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ပွဲအပြီးမှာတော့ မန်စီးတီးက ဟာလန်း၊ ဖိုဒန်တို့ရဲ့ ဟက်ထရစ်နဲ့အတူ ယူနိုက်တက်ကို ၆-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

Share

Loading Next Article...
က္က