ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးပါတဲ့ပွဲစဉ်ဖြစ်ခဲ့ပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးပါတဲ့ လန်ဒန်ဒါဘီပွဲမှာတော့ စပါးဟာ အာဆင်နယ်ကို အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ယူသွားခဲ့ပါတယ်။ အာဆင်နယ်ဘက်က ကစားသမားတဦး ထုတ်ပယ်ခံခဲ့ရပြီး စပါးက အေးအေးဆေးဆေးကစားနိုင်ခဲ့ကာ ဟယ်ရီကိန်းနဲ့ ဆွန်ဟောင်မင်တို့ရဲ့ သွင်းဂိုးတွေနဲ့ ချန်ပီယံလိဂ်မျှော်လင့်ချက်ကို အသက်ဆက်သွားနိုင်ခဲ့ပါတယ်။ 

လက်ရှိမှာတော့ သူတို့နှစ်သင်းကြားမှာ ရမှတ် ၁ မှတ်သာ ကွာဟတော့တာဖြစ်ပါတယ်။ ဒါကြောင့် လက်ကျန် ၂ ပွဲက သေရေးရှင်ရေးလို နှစ်သင်းစလုံးအတွက် အရေးပါနေပြီး အာဆင်နယ်က နယူးကာဆယ်၊ အဲဗာတန်တို့နဲ့ ကစားရမှာဖြစ်ကာ စပါးကတော့ ဘန်လေ၊ နော်ဝှစ်ချ်တို့နဲ့ ရင်ဆိုင်ရမှာဖြစ်လို့ အာဆင်နယ်ထက်စာရင် ပွဲအနည်းငယ်ချောင်နေတာကို မြင်တွေ့နေရပါတယ်။ 

ဒိုင်လူကြီးဆုံးဖြတ်ချက်ကြောင့် စပါးတို့အသာရခဲ့တယ်လို့ ဆိုနိုင်ပေမယ့်လည်း တကယ်တမ်းအားဖြင့်တော့ စိတ်ပိုင်းဆိုင်ရာအရမှာပါ အာဆင်နယ်မယှဉ်နိုင်ခဲ့ပါဘူး။ စပါးက ပိုပြီးတော့အနိုင်ရချင်တဲ့ပုံစံကို​ ပြသနိုင်ခဲ့ပြီး ဟယ်ရီကိန်းက ပင်နယ်တီကတဆင့် အဖွင့်ဂိုးသွင်းယူခဲ့ပြီး သိပ်မကြာခင်မှာဘဲ ဟိုးလ်ဒင်းတယောက် နှစ်ဝါတနီနဲ့ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။ 

ဟယ်ရီကိန်းက ဟိုးလ်ဒင်းထုတ်ပယ်ခံရပြီး ၄ မိနစ်အကြာမှာ နောက်ထပ်တဂိုးထပ်သွင်းခဲ့ပြီး ဆွန်ဟောင်မင်က ၄၇ မိနစ်မှာ ပွဲသိမ်းဂိုးသွင်းကာ အာဆင်နယ်တို့ ချေပဂိုးတောင်မရဘဲ လှည့်ပြန်ခဲ့ရတာဖြစ်ပါတယ်။ ကွန်တီကတော့ အသင်းကြီးနှစ်သင်းနဲ့ ဆက်တိုက်တွေ့ခဲ့ရာမှာ အဖိုးတန်ရမှတ်တွေကို စုဆောင်းနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်ကို နောက်ဆုံးအချိန်ထိ ဆုပ်ကိုင်ထားနိုင်ဆဲဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က