မန်ချက်စတာယူနိုက်တက်အသင်းကတော့ နောက်ခံလူ လုခ်ရှောနဲ့ ၄ နှစ်သက်တမ်းရှိတဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိသွားခဲ့ပါပြီ။ အသက် ၂၇ နှစ်အရွယ် လုခ်ရှောက တန်ဟက်ဂျ်လက်အောက်မှာ သူ့ရဲ့ အကောင်းဆုံးပုံစံတွေကို ရရှိအောင် ကြိုးစားနိုင်ခဲ့ပြီး ပုံမှန်နေရာရယူနိုင်ခဲ့သလို ခြေစွမ်းပြကစားနိုင်ခဲ့လို့ နောက်ထပ် ၄ နှစ်အထိ အိုးထရက်ဖို့ဒ်မှာ ဆက်ရှိဖို့ ဖြစ်လာခဲ့တာပါ။
ပြီးခဲ့တဲ့နှစ်တွေမှာ အသင်းကနေ ရောင်းထုတ်ခံရမယ့်စာရင်းထဲထိ ပါဝင်ခဲ့ပြီး သူ့ခြေစွမ်းအပေါ် အကြီးအကျယ်ဝေဖန်ခံရမှုတွေကနေ လုခ်ရှောက ရုန်းထွက်ပြနိုင်ခဲ့တာပါ။ လွန်ခဲ့တဲ့ ၄ နှစ်လောက်က PSV နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ခြေထောက်ကျိုးတဲ့အထိ ဒဏ်ရာကြီးကြီးမားမားရခဲ့ပြီး ကစားသမားဘ၀ကို စွန့်လွှတ်ရဖို့တောင် နီးစပ်ခဲ့တဲ့ လုခ်ရှောက အခက်အခဲတွေအားလုံးကို ကျော်ဖြတ်ပြနိုင်ခဲ့သူတဦးအဖြစ် ရှိလာခဲ့ပါတယ်။
အဆိုပါခြေထောက်ဒဏ်ရာနဲ့ ပတ်သက်ပြီး လုခ်ရှောက "ကျနော့် ခြေထောက်ကို ဆုံးရှုံးရလုနီးပါးအထိဖြစ်ခဲ့တာပါ၊ အဲဒါကိုတောင်မှ နောက် ၆ လလောက်နေမှ ဆရာဝန်ကပြောလို့ သိရတာပါ၊ အဲဒီအချိန်တုန်းက သူတို့က ကျနော့်ကို ပြန်ပို့ဖို့တောင်မှ စဉ်းစားခဲ့ကြသေးတယ်၊ ဒါပေမယ့် ကျနော့်ကို ချက်ချင်းပြန်ပို့လိုက်ရင် သွေးခဲတွေကြောင့် ခြေထောက်ဆုံးရှုံးသွားနိုင်လို့ သူတို့ အဲဒီစိတ်ကူးကို ပယ်ဖျက်ခဲ့ကြတာပါ" လို့ ဖွင့်ဟခဲ့ဖူးပါတယ်။
လုခ်ရှောရဲ့ ခြေထောက်မှာ အဆိုပါဒဏ်ရာကြောင့် ဖြစ်ခဲ့တဲ့ အမာရွတ်အကြီးကြီးက အခုထိရှိနေတုန်းပါ။ အခုတော့ သူ့ရဲ့ ခြေထောက်က ပုံမှန်အတိုင်းဖြစ်နေပြီး အရင်လိုပဲ သန်မာနေခဲ့ပါပြီ။ တန်ဟက်ဂျ်ရောက်လာပြီးနောက်မှာ အရန်ခုံမှာ ထိုင်နေခဲ့ရသေးပေမယ့် လုခ်ရှောက သူ့အတွက် နေရာတခုရဖို့ အကောင်းဆုံးကြိုးစားပြနိုင်ခဲ့ပြီး ပွဲထွက်လူစာရင်းမှာ အာမခံချက်ရှိလာခဲ့ပါတယ်။
အင်္ဂလန်မှာလည်း ပြန်လည်ရွေးချယ်ခံထားရပြီး ဆောက်ဂိတ်ရဲ့ ဦးစားပေးမှုကို ရရှိထားတဲ့ လုခ်ရှောက ယူနိုက်တက်မှာ ၂၀၂၇ အထိ ဆက်ရှိနေတော့မှာလည်းဖြစ်ပါတယ်။ သူ့နေရာအတွက် မာလာစီယာနဲ့ အပြိုင်ဖြစ်နေခဲ့ပြီး အခုတော့ မာလာစီယာကို သူက အရန်ခုံပြန်ပို့နိုင်တဲ့အထိလည်း စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။ ပြင်းထန်လွန်းတဲ့ ဒဏ်ရာပြသနာ၊ ဝေဖန်ပြစ်တင်မှုတွေကနေ ခဏခဏ ရုန်းထွက်ပြခဲ့တဲ့ လုခ်ရှောက ချီးကျူးစရာကစားသမားတဦးအဖြစ်နဲ့လည်း ရှိနေခဲ့ပါပြီ။