ပြောမယုံကြုံဖူးမှသိ ဆိုသလိုပါပဲ။

ဒီလိုအဖြစ်မျိုးက တော်တော်လေးတော့ ဆန်းပါတယ်။ ဖြစ်လေ့ဖြစ်ထမရှိသလောက် ရှားပါးပြီး ကြုံတောင့်ကြုံခဲ ဖြစ်ရပ်ပါ။ တစ်ပွဲတည်းမှာ ဂိုးသွင်းတယ်၊ ဖန်တီးပေးတယ်၊ ပြီးတော့ ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိတယ်ဆိုတာကြီးက ထူးဆန်းမနေဘူးလား။ အဲဒီလို ဖြစ်ခဲ့တဲ့ ကစားသမား (၃)ယောက် ရှိခဲ့ဖူးတယ်ဗျ။ ဘယ်သူတွေဖြစ်မယ်ထင်လဲ။ ကြည့်ကြည့်လိုက်ပါဦး။

ကီဗင်ဒေးဗီးစ် - ဘော်လ်တန် နဲ့ ဗီလာ (၂၀၀၈)

 

ဒေးဗီးစ်က အက်စတန်ဗီလာရဲ့ ကွင်းမှာ သွားကစားခဲ့တဲ့ ဘော်လ်တန်နဲ့ပွဲမှာ ကြုံတွေ့ခဲ့တာပါ။ ဒေးဗီးစ်နဲ့တွဲဖက်တိုက်စစ်မှူးအဖြစ် အယ်မန်ဒါ ပါဝင်ခဲ့ပါတယ်။ ပွဲကစားချိန် (၁၇)မိနစ်မှာ အယ်မန်ဒါရဲ့ သွင်းဂိုးအတွက် ဒေးဗီးစ်က ဖန်တီးပေးခဲ့ပြီး ဘော်လ်တန်တို့ ဦးဆောင်ခဲ့ပါတယ်။ ဒါပေမယ့် (၂၅)မိနစ်မှာ အဘွန်လဟောက ဗီလာအတွက် ချေပဂိုးသွင်းခဲ့ပါတယ်။ ပွဲချိန် မိနစ် (၄၀)မှာတော့ ဒေးဗီးစ်က ခံစစ်စည်းထဲထိ အသင်းအတွက် ကာကွယ်ပေးနေခိုက်မှာ ဘောလုံးဖျက်ထုတ်မိရင်း ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့ပါတယ်။ အဲဒီနောက် အဘွန်လဟော နဲ့ အက်ရှ်လေယန်းတို့က ဗီလာအတွက် ဂိုးတွေ ဆက်တိုက်သွင်းပြီး အိမ်ရှင်က ၄-၁ နဲ့ ဦးဆောင်ခဲ့ပါတယ်။ ဒါပေမယ့် (၈၆)မိနစ်မှာတော့ ကီဗင်ဒေးဗီးစ်က အသင်းအတွက် ချေပဂိုးတစ်ဂိုး ပြန်သွင်းပေးခဲ့ပြီး တစ်ပွဲတည်းမှာပဲ ဂိုးသွင်း၊ ဖန်တီးပေးပြီး၊ ကိုယ့်ဂိုးကိုယ်သွင်းမိတဲ့အဖြစ်နဲ့ ကြုံခဲ့ရပါတော့တယ်။

 

ဂါရတ်ဘေး - စပါး နဲ့ လီဗာပူးလ် (၂၀၁၂)

 

(၄)နှစ်အကြာမှာ ဒေးဗီးစ်ရဲ့ အဖြစ်လိုမျိုး ဂါရတ်ဘေးလ်လည်း ရင်ဆိုင်လိုက်ရပါတယ်။ ပွဲကစားချိန် (၇)မိနစ်မှာ အာရွန်လန်နွန် ဂိုးသွင်းနိုင်ဖို့အတွက် ဘေးလ်က ပြောင်မြောက်တဲ့ပေးပို့မှု ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ (၉)မိနစ်အကြာမှာပဲ ဂါရတ်ဘေးလ်က စပါးအတွက် ဒုတိယဂိုးကို ဖရီးကစ်ကနေ ကန်သွင်းပြီး ရယူပေးခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ပွဲကို လီဗာပူးလ်က လွှမ်းမိုးနိုင်ခဲ့ပြီး ချေပဂိုးရဖို့ အားထုတ်ခဲ့ပါတယ်။ လီဗာပူးလ်အတွက်တော့ ဖိကစားနိုင်ပေမယ့် ဂိုးမသွင်းနိုင်ခဲ့ပဲ ဖြစ်နေခဲ့ရပါတယ်။ ဒါပေမယ့် (၇၂)မိနစ်မှာတော့ စတီဗင်ဂျရတ်ရဲ့ ခေါင်းတိုက်မှုက ဂါရတ်ဘေးလ်နဲ့ ထိပြီး ဂိုးဝင်သွားခဲ့လို့ ဘေးလ်လည်း ကီဗင်ဒေးဗီးစ်ရဲ့ မှတ်တမ်းနဲ့ ထပ်တူကျသွားခဲ့ပါတယ်။

 

ရွန်နီ - မန်ယူ နဲ့ စတုတ်စီးတီး (၂၀၁၂)

 

ရွန်နီ နဲ့ ဘေးလ်ကတော့ တစ်နှစ်တည်းမှာပဲ ပြိုင်တူဖြစ်ခဲ့တာပါ။ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့ကြတာဖြစ်ပြီး ပွဲချိန် (၁၁)မိနစ်မှာ ရွန်နီက ကိုယ့်ဂိုးကိုယ်အရင်စသွင်းခဲ့တာပါ။ ဒါပေမယ့် (၂၇)မိနစ် နဲ့ (၆၅)မိနစ်တို့မှာ ရွန်နီက တစ်ဦးတည်း နှစ်ဂိုးသွင်းပြီး သူ့ရဲ့ အမှားကို ချေဖျက်ပြနိုင်ခဲ့တယ်။ အပိုလက်ဆောင်အနေနဲ့ (၄၆)မှာ ဝဲလ်ဘက်ခ်ရရှိခဲ့တဲ့ သွင်းဂိုးကို ရွန်နီက ဖြတ်တင်ပေးပို့နိုင်ခဲ့ပြီး ဂိုးဖန်တီးပေးခဲ့တာပါ။ အဲဒီနောက် ရွန်နီလည်း ကိုယ်တိုင်ဂိုးသွင်းနိုင်ခဲ့သလို၊ ဂိုးလည်းဖန်တီးပေးနိုင်ကာ ကိုယ့်ဂိုးကိုယ်သွင်းခဲ့မိတဲ့ ကစားသမားစာရင်းထဲကို ဝင်ရောက်ခဲ့ရပါတော့တယ်။

Share

Loading Next Article...
က္က