ချယ်ဆီးအသင်းနည်းပြ ဆာရီဟာ ယနေ့ညမှာ ဒိုင်နမိုကိဗ်အသင်းနဲ့ ယူရိုပါလိဂ် ၁၆ သင်းရှုံးထွက်ဒုတိယအကျော့ပွဲစဉ်အဖြစ် ကစားရမယ့်ပွဲစဉ်မတိုင်မီမှာ ဒိုင်နမိုကိဗ်ရဲ့ ကွင်းအခြေအနေဟာ အန္တရာယ်ရှိကြောင်း ပြောကြားခဲ့ပါတယ်။
ချယ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ပထမအကျော့ပွဲစဉ်မှာ ဒိုင်နမိုကိဗ်အသင်းကို အိမ်ကွင်း စတန်းဖို့ဒ်ဘရစ်ဂျ်မှာ ၃ ဂိုး ဂိုးမရှိနဲ့ အနိုုင်ရရှိထားပါတယ်။ ချယ်ဆီးအသင်းဟာ ယနေ့ညက ဒိုင်နမိုကိဗ်နဲ့ ကစားပြီးနောက် တနင်္ဂနွေနေ့မှာ အဲဗာတန်အသင်းရဲ့အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမှာလည်း ဖြစ်ပါတယ်။
ဆာရီက ဒိုင်နမိုကိဗ်ရဲ့အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရတဲ့ ပွဲစဉ်မှာ ဒဏ်ရာရကစားသမား မများပြားဖို့အတွက် မျှော်လင့်နေပြီး ဒိုင်နမိုကိဗ်ကွင်းအခြေအနေဟာ ဘောလုံးကစားဖို့ ခက်ခဲကြောင်း ပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့ ဒီအခြေအနေနဲ့ ဒီလိုကွင်းမှာ ကစားရမှာကို လက်ခံရမှာပါ။ တခြားနည်းလမ်းလည်း မရှိတော့ပါဘူး။ ကျွန်တော် နားမလည်တာက ဥရောပဘောလုံးအဖွဲ့ချုပ်က အရာအားလုံးကို အာရုံမစိုက်ရတာလဲဆိုတာပါ။ အထူးသဖြင့် ကစားသမားစာရင်းပေါ့။ ခင်ဗျားအနေနဲ့ ကစားသမားစာရင်းကို စောစော တင်ပြရပြီး ပြီးတော့ ဒီလို ဆိုးရွားတဲ့ကွင်းမှာ ကစားရမှာပါ”
“အကြောင်းပြချက်က ဆောင်းရာသီဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်တော် ဒီမှာ စက်တင်ဘာလက ကစားခဲ့ပြီး ကွင်းအခြေအနေက အရမ်းကောင်းပါတယ်”လို့ ဒိုင်နမိုကိဗ်နဲ့ပွဲမတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။