မနေ့ညက ကစားခဲ့တဲ့ အာဆင်နယ်နဲ့ ဖူလ်ဟမ်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲမှာ အာဆင်နယ် ကစားသမား ကိုင်ဟာဗက်ဇ်ရဲ့ ဂိုးပေါက်အလွဲကြောင့် အာဆင်နယ် ပရိသတ်တွေ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်အောင်ဖြစ်ခဲ့ရပါတယ်။ ဒီပွဲမှာ အာဆင်နယ်တို့ ဖူလ်ဟမ်ကို နှစ်ဂိုးစီသရေသာ ကစားနိုင်ခဲ့တာပါ။
ဖူလ်ဟမ်အတွက် ဦးဆောင်ဂိုးကို ပွဲကစားချိန် (၅၇) စက္က့န်မှာတင် ပါရဲရားက သွင်းယူပေးခဲ့ပါတယ်။ အဲ့ဒီနောက် အာဆင်နယ်တို့ ပင်နယ်တီပြန်ရခဲ့သလို ဖူလ်ဟမ်ကိုလည်း တစ်ယောက်အသာနဲ့ ကစားခွင့်ရရှိခဲ့ပါတယ်။ ပွဲကိုလည်း အာဆင်နယ်တို့ ပြန်လည်ဦးဆောင်နိုင်ခဲ့ပါသေးတယ်။
ဒါပေမယ့် တစ်ယောက်အသာနဲ့ ပွဲကို ဦးဆောင်ထားချိန်မှာပဲ အာဆင်နယ်တို့ ချေပဂိုးပြန်ပေးလိုက်ရတာကြောင့် နှစ်ဂိုးစီသရေနဲ့သာ အိမ်ကွင်းအမ်းမရိတ်စ်မှာ ကျေနပ်ခဲ့ရတာပါ။ ဒီပွဲမှာ ကိုင်ဟာဗက်ဇ်က ဂိုးသွင်းနိုင်တဲ့ အခွင့်အရေးတစ်ကြိမ် ရရှိခဲ့ပေမယ့် သူ့ရဲ့ အဆုံးသတ်မှုနဲ့ ဆုံးဖြတ်ချက်က အံ့အားသင့်ဖွယ်ကောင်းလောက်အောင်ကို ဆိုးရွားခဲ့ပါတယ်။
ဆာကာ ဖန်တီးပေးလိုက်တဲ့ ဘောလုံးကို ဟာဗက်ဇ်က ဂိုးလွတ်အနေအထားမျိုးနဲ့ ကန်သွင်းခွင့်ရခဲ့ပေမယ့် သူ့ရဲ့ ထိချက်ကတော့ အသင်းဖော်ဆီကိုသာ ပြန်လည်ဦးတည်သွားခဲ့ပါတယ်။ ဘောလုံးနဲ့ ခြေထောက် ထိလိုက်တာနဲ့ သေချာပေါက် ဂိုးရတော့မယ့် အနေအထားမျိုးလို့ ပရိသတ်တွေ ယုံကြည်ခဲ့ကြပေမယ့် ဟာဗက်ဇ်ကတော့ အံ့အားသင့်ဖွယ်ကောင်းအောင်ကို လွဲချော်ခဲ့တာပါ။
ပြီးခဲ့တဲ့နွေရာသီကမှ ချဲလ်ဆီးကနေ အာဆင်နယ်ကို ရောက်ရှိလာခဲ့တဲ့ ဟာဗက်ဇ်က အသင်းသစ်မှာ လောက်လောက်လားလား စွမ်းဆောင်ရည်မျိုးကို မပြသနိုင်သေးပါဘူး။ မနေ့ကပွဲမှာလည်း ပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ပါ ရင်ဆိုင်ခဲ့ရတာကြောင့် ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ နည်းပြ အာတီတာကိုယ်တိုင်က ကာကွယ်ပေးခဲ့ရပါတယ်။