ပရီးမီးယားလိဂ်ချန်ပီယံဆု ကိုင်မြှောက်ခဲ့တဲ့ အခမ်းအနားမှာ ရုပ်သံကင်မရာကို ကြည့်ပြီး ဆဲဆိုခဲ့တဲ့ မန်စီးတီးတိုက်စစ်မှူး ဟာလန်းကို ပွဲပယ်ပြစ်ဒဏ်ချမှတ်ဖို့ ယူနိုက်တက်ပရိသတ်တွေက ဆန္ဒရှိနေပါတယ်။ မန်စီးတီးဟာ ချဲလ်ဆီးကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကိုင်မြှောက် အောင်ပွဲခံခဲ့ပါတယ်။
ဟာလန်းဟာ အဆိုပါ အောင်ပွဲခံအခမ်းအနားမှာ အင်တာဗျူးဖြေဆိုရင်း အသင်းဖော် ဂရီလစ်ရှ်ကို “ငါမင်းကို အရမ်းချစ်တာ (F****** love you)” လို့ ပြောဆိုသုံးနှုန်းခဲ့ပါတယ်။ ဒါဟာ သာမန်အားဖြင့် ရိုင်းစိုင်းဆဲဆိုခဲ့တာမျိုး မဟုတ်ဘဲ ဂရီလစ်ရှ်ကလည်း ရယ်မောနေခဲ့ပေမယ့် စကိုင်းစပေါ့ကတော့ ဒီဖြစ်ရပ်ကို ရိုက်ကူးထုတ်လွှင့်ခဲ့မိခြင်းအတွက် တောင်းပန်ခဲ့ပါတယ်။
ယူနိုက်တက်ပရိသတ်တွေကလည်း တစ်ချိန်တုန်းက ရွန်းနီရဲ့ဖြစ်ရပ်နဲ့ နှိုင်းယှဥ်ပြီး ဟာလန်းကို ပွဲပယ်ဖို့ တောင်းဆိုနေကြပါတယ်။ ယူနိုက်တက်ဂန္တဝင်တိုက်စစ်မှူး ရွန်းနီကလည်း (၂၀၁၁) ခုနှစ်က ဝက်စ်ဟမ်းနဲ့ပွဲမှာ ဟက်ထရစ်သွင်းယူခဲ့တဲ့နောက် ရုပ်သံကင်မရာကို ကြည့်ရှု ဆဲဆိုခဲ့တာကြောင့် (၂) ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။
အဲ့ဒီပွဲပယ်ပြစ်ဒဏ်ကြောင့် ရွန်းနီက စတုတ်စီးတီးနဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ကိုလည်း လွဲချော်ခဲ့ရသလို ယူနိုက်တက်ကလည်း အဆိုပါပွဲမှာ အရေးနိမ့်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ယူနိုက်တက်ပရိသတ်တွေက ဟာလန်းကိုလည်း အလားတူ ပြစ်ဒဏ်မျိုး ချမှတ်ဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။ အခုချိန်မှာသာ အက်ဖ်အေအနေနဲ့ ဟာလန်းကို ပြစ်ဒဏ်ချမှတ်မယ်ဆိုရင် စွဲချက်တင်ချိန်၊ ပြစ်ဒဏ်ချမှတ်ချိန်နဲ့အတူ ယူနိုက်တက်နဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲကိုပါ လွဲချော်သွားနိုင်တဲ့ ပြစ်ဒဏ်ကိုပါ ချမှတ်နိုင်ပါတယ်။
ဟာလန်းဟာ ဒီရာသီမှာ မန်စီးတီးအတွက်ရော၊ ဥရောပမှာပါ ထိပ်တန်းဂိုးသွင်းရှင်တစ်ယောက်ဖြစ်နေပြီး ပရီးမီးယားလိဂ် ပထမအကျော့ မန်စီးတီးကွင်းမှာလည်း ယူနိုက်တက်ဘက်ကို ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါသေးတယ်။ အဲ့ဒါကြောင့်လည်း ယူနိုက်တက်ပရိသတ်အချို့က ဟာလန်းမပါလေ၊ ကောင်းလေလို့ ယူဆထားပြီး အခုလိုမျိုး ပြစ်ဒဏ်ချမှတ်ဖို့ ဖိအားပေးနေတာဖြစ်ပါတယ်။