ကင်ဆာရောဂါဆိုတဲ့အသံကြားတိုင်း အများက စိုးရိမ်ထိတ်လန့်ကြပါတယ်။ကင်ဆာဖြစ်ပြီဆိုတာနဲ့ ကုမရတော့ဘူး၊ အနှေးနဲ့အမြန်အသက်သေဆုံးနိုင်တယ်ဆိုပြီး လူတိုင်းကကြောက်ရွံ့ပူပန်သွားကြတာပါ။ ဒါကြောင့် ကင်ဆာရောဂါဘာကြောင့်ဖြစ်ရလဲ။ ကင်ဆာရောဂါကို ကုသပျောက်ကင်းနိုင်ပါသလား စတဲ့ ကင်ဆာနဲ့ပတ်သက်တဲ့ သိသင့်တဲ့အကြောင်းအရာတွေကို အထွေထွေအထူးကုသမားတော်ကြီး ဒေါက်တာအောင်ဇော်မြင့်က ဝေမျှထားပါတယ်။
Photo : Freepik
ကင်ဆာရောဂါ ဘယ်ကစ
ကင်ဆာရောဂါနဲ့ပတ်သက်ပြီး ခြုံပြောမယ်ဆိုရင် ကင်ဆာက တခြားအထွေအထူးရောဂါမဟုတ်ဘူး။ ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တွေက ပုံမှန်ပွားရမယ့်နှုန်းထက်ပိုပွားပြီးလာပြီးတော့ ကင်ဆာရောဂါဆိုတာ ဖြစ်လာတာပါ။ မျိုးရိုးလိုက်ခြင်း၊ ကူးစက်ခြင်းကြောင်း ကင်ဆာရောဂါဖြစ်နိုင်ပြီး ကူးစက်ကြောင့်ဖြစ်တဲ့ ကင်ဆာတွေမှာဆိုရင် ဥပမာပြောရင် အစာအိမ်မှာ H.pylori ပိုးလို့ခေါ်တဲ့ ကင်ဆာဖြစ်စေတဲ့ ရောဂါပိုးကတစ်ဆင့် ကူးစက်ပြီး အစာအိမ်ကင်ဆာ ဖြစ်နိုင်ချေများတာပါ။ ဒါ့အပြင် ပြန်ရေကြောအကြိတ်ကြောင့်ဖြစ်တဲ့ သွေးကင်ဆာ၊ အမျိုးသမီးတွေမှာအဖြစ်များတဲ့သားအိမ်ခေါင်းကင်ဆာတွေက ဗိုင်းရပ်စ်ပိုးကြောင့် ကူးစက်ခံရတဲ့ ကင်ဆာအမျိုးအစားတွေပါ။ တစ်ချို့သော ကင်ဆာရောဂါတွေကတော့ မျိုးရိုးကြောင့် ဖြစ်ပါတယ်။ ဥပမာ ရင်သားကင်ဆာ ဆိုရင် Genetics (မျိုးရိုးဗီဇကြောင့်) ဖြစ်တာ ။ ဒီလိုမျိုးကင်ဆာရောဂါဖြစ်စေတဲ့ မျိုးရိုးဗီဇရှိတယ်ဆိုရင် သတိထားရမယ့် အရာပါ။
Photo : Freepik
ကင်ဆာက လူတိုင်းအလွယ်တကူဖြစ်နိုင်သလား
လူတိုင်းမှာ ကင်ဆာရောဂါအလွယ်တကူမဖြစ်အောင် တားဆီးနိုင်တဲ့ ဖိနှိပ်နိုင်တဲ့ မျိုးရိုးဗီဇက ပျက်စီးသွားတဲ့အခါမှာ ကင်ဆာရောဂါဖြစ်လာတာပါ။ ခရမ်းလွန်ရောင်ခြည်ထိတွေ့မှုများတာ၊ တာရှည်ခံအစားအသောက်တွေအများအပြားစားတာ၊ ဆေးလိပ်အလွန်အကျွံသောက်သုံးတာတွေကြောင့် ကင်ဆာရောဂါကို ဖိနှိပ်ပေးတဲ့ မျိုးရိုးဗီဇကိုပျက်စီးစေနိုင်ပါတယ်။
ကင်ဆာရောဂါကို ကာကွယ်လို့ရသလား
တချို့ကင်ဆာရောဂါတွေမှာ ကာကွယ်လို့ရပါတယ်။ ဥပမာ - အမျိုးသမီးသားအိမ်ခေါင်းကင်ဆာဆို ကာကွယ်ဆေးထိုးလို့ရပါတယ်။ အစာအိမ်အူမကြီးနဲ့အစာအိမ်ဟောင်းကင်ဆာဆို မှန်ပြောင်းနဲ့စောင့်ကြည့်တာ၊ သွေးအဖြေစစ်ဆေးကြည့်ပြီး သောက်ဆေးသောက်တာ ဒီလိုနည်းလမ်းနဲ့ ကာကွယ်လို့ရပါတယ်။
ကင်ဆာဖြစ်တာနဲ့ အသက်ဆုံးရှုံးရတာ့မှာလား
ကင်ဆာဆဲလ်ပျံ့နှံ့မှုပေါ်မူတည်ပြီး ဆိုးဆိုးရွားရွားဖြစ်နေတာလား၊ ပုံမှန်လား ဒီအပေါ်မှာမူတည်ပြီး သေဆုံးနှုန်း ပြင်းထန်မှုနှုန်း တွေ ကြည့်ရပါတယ်။ တချို့သော ကင်ဆာရောဂါတွေက စောစောစီးစီးသိမယ်ကုသရင် ပျောက်ကင်းသွားနိုင်ပါတယ်။
အစာအိမ်ကင်ဆာရောဂါလိုမျိုး မှန်ပြောင်းကြည့်လိုက်တာနဲ့ သိနိုင်တဲ့ကင်ဆာမျိုးဖြစ်ပါက အသားစယူစစ်ဆေးနိုင်ပြီး အစာအိမ်အူနံရံမှာက ပုံမှန်ထက် နည်းနည်းပုံစံလေးပြောင်းနေရင် အစာအိမ်ယောင်စေတဲ့ပိုးသတ်ဆေးပေးနိုင်ပါတယ်။ ရင်သားကင်ဆာဆိုရင်လည်း အကြိတ်သေးနေတယ်ဆိုရင် ဖြတ်ထုတ်လို့ရပါတယ်။ ဆေးသွင်းကုသတာမျိုးလုပ်လို့ရပါတယ်။ သားအိမ်ခေါင်းကင်ဆာဆို သားအိမ်ခေါင်းချွဲမြှေးယူပြီး စစ်ဆေးပြီး ကုသနိုင်ပါတယ်။
“ ကင်ဆာရောဂါဖြစ်နေသည့်တိုင် စောစောစီးစီးသိမယ်။ အဆင့်နည်းမယ်ဆိုရင် တချို့ကင်ဆာရောဂါတွေကို ပျောက်ကင်းအောင် ကုသနိုင်ပါတယ် ။ ကုသပြီးသွားရင်လည်း နောက်ပိုင်းမှာ ကင်ဆာပြန်ဖြစ်မလားဆိုတာကို ဆရာဝန်နဲ့ အနီးကပ်တိုင်ပင်ဆွေးနွေး စောင့်ကြည့်လို့ရနိုင်ပါတယ်”
ဖော်ပြပါသတင်းဆောင်းပါးပါအချက်အလက်များသည် ပန်းလှိုင်ဆေးရုံကြီးမှ အထွေထွေရောဂါကုသမားတော် ဒေါက်တာ အောင်ဇော်မြင့်က ဆွေးနွေးအကြံပြုမျှဝေပေးထားခြင်းဖြစ်ပါသည်။