ကီပါအတွက် ဆုံးဖြတ်ချက်ကို ဖြေကြားရာမှာ တိတိကျကျမရှိခဲ့ပဲ သို့လော သို့လော အဖြေတွေသာ ပေးနေပုံအရ မနက်ဖြန်ကစားမယ့် ဖူဟမ်နဲ့ပွဲမှာရော ကီပါ ပြန်ပါလာနိုင်ပါ့လားဆိုတာ စိတ်ဝင်စားဖွယ်စောင့်ကြည့် သွားရမှာပါ။
ချဲလ်ဆီးနည်းပြ ဆာရီက ပုံမှန်ပွဲထွက်ဖမ်းနေတဲ့ ဂိုးသမား ကီပါကို ပုံမှန်ပွဲထွက်ခွင့်ပေးဖို့ အခုထက်ထိ ဆုံးဖြတ်ရခြင်း မရှိသေးဘူးလို့ BBC SPORTက ဖော်ပြလာပါတယ်။ ဆာရီအနေနဲ့ ကီပါကို ပြီးခဲ့တဲ့ စပါးကို ၂-၀ နဲ့ နိုင်ခဲ့တဲ့ပွဲမှာ အရန်ခုံပို့ထားခဲ့တာဖြစ်ပြီး အခုလည်း မနက်ဖြန်မှာ ကစားရမယ့် ဖူဟမ်နဲ့ပွဲအတွက် ပွဲထွက်အသုံးပြုဖို့ မစဉ်းစားထားသေးဘူးလို့ ပြောခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၄ နှစ်အရွယ် ကီပါအနေနဲ့ ကာရာဘောင်ဗိုလ်လုပွဲမှာ နည်းပြရဲ့လူစားလဲမှုအပေါ် လိုက်နာ ဆောင်ရွက်ခြင်းမရှိခဲ့တဲ့အပေါ် ပြန်လည်တောင်းပန်မှု ပြုလုပ်ထားပြီးလည်း ဖြစ်ပါတယ်။
ကီပါရဲ့ အပြုအမူအတွက် ချဲလ်ဆီးအသင်းက တစ်ပတ်လုပ်ခလစာကို ပြစ်ဒဏ်အဖြစ် သတ်မှတ်ခဲ့ပြီး စပါးနဲ့ ကစားခဲ့တဲ့ပွဲမှာလည်း အရန်ခုံမှာ ထိုင်စေခဲ့ပါတယ်။