ချယ်လ်ဆီးအသင်းရဲ့ ဂိုးသမား ကီပါဟာ မန်စီးတီးနဲ့ ကစားရမယ့် ကာရာဘောင်းဖလားဗိုလ်လုပွဲစဉ်ကို လွဲချော်ဖွယ်ရှိတယ်လို့ သိရပါတယ်။ ကီပါဟာ တနင်္ဂနွေနေ့မှာ ကစားရမယ့် ဗိုလ်လုပွဲအတွက် တံကောက်ကြောဒဏ်ရာကနေ ပြန်လည်သက်သာလာဖို့ အားထုတ်နေရတယ်လို့ ချယ်လ်ဆီးနည်းပြ ဆာရီက ပြောခဲ့တာလည်း ဖြစ်ပါတယ်။
Metro သတင်းမှာ ဖော်ပြထားမှုအရ ကီပါဟာ တံကောက်ကြောဒဏ်ရာကြောင့် ဒီနေ့မှာ ကစားရမယ့် မယ်လ်မိုအသင်းနဲ့ ယူရိုပါလိဂ်ပွဲကို လွဲချော်မယ်လို့ သိရပါတယ်။ ကမ္ဘာ့ဈေးအကြီးဆုံးဂိုးသမားအဖြစ် စံချိန်တင်ထားတဲ့ ကီပါဟာ ဒီရာသီမှာ ချယ်လ်ဆီးရဲ့ အဓိကဂိုးသမားလည်းဖြစ်ပြီး ကာရာဘောင်းဖလားဗိုလ်လုပွဲကို လွဲချော်ခဲ့မယ်ဆိုပါက သူ့အတွက်တော့ စိတ်ပျက်စရာ ဖြစ်လာမှာပါ။
အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆာရီက "ဇက်ပါကော်စတာက အဖျားဝေဒနာခံစားနေရပါတယ်၊ ပက်ဒရိုကလည်း အစာအိမ်ဝေဒနာ ရှိနေသလို ကီပါက တံကောက်ကြောဒဏ်ရာ ရရှိနေတာပါ၊ မန်စီးတီးနဲ့ပွဲမှာ သူ ပါဝင်ကစားနိုင်မှာလားဆိုရင်တော့ ကစားနိုင်ဖို့ ကျွန်တော် မျှော်လင့်နေပါတယ်" လို့ ပြောခဲ့ပါတယ်။
ကီပါကတော့ ဒီနှစ်ရာသီမှာပဲ ဘီလ်ဘာအိုကနေ ချယ်လ်ဆီးကို ပြောင်းရွှေ့ခဲ့ပြီး စုစုပေါင်း (၂၆)ပွဲ ကစားပေးထားကာ (၁၁)အထိ ပေးဂိုးမရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ ကီပါဟာ ယူရိုပါလိဂ်ပွဲ (၆)ပွဲလည်း ပါဝင်ကစားထားသလို ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်ပွဲ နှစ်ပွဲလုံးမှာလည်း ချယ်လ်ဆီးအတွက် ပါဝင်ကစားပေးထားခဲ့ပါတယ်။
ကီပါ မပါဝင်နိုင်ဘူးဆိုရင်တော့ အရန်ဂိုးသမားဖြစ်တဲ့ ဝီလီကာဘယ်လာရိုကို ချယ်လ်ဆီးက အသုံးပြုရမှာဖြစ်ပါတယ်။ ကီပါကတော့ ဘုန်းမောက်၊ မန်စီးတီးတို့နဲ့ပွဲမှာ စုစုပေါင်းပေးဂိုး (၁၀)ဂိုးအထိ ရှိခဲ့ပြီးနောက် ဝေဖန်ခံနေရသူလည်း ဖြစ်ပါတယ်။ အသင်းနည်းပြရာထူးအတွက်လည်း အာမခံချက်နည်းပါးနေခဲ့တဲ့ ဆာရီအတွက် အဓိကဂိုးသမား မပါဝင်နိုင်တာကလည်း စိတ်ပျက်စရာ ဖြစ်လာခဲ့ပါတယ်။ အက်ဖ်အေဖလားပြိုင်ပွဲမှာလည်း ယူနိုက်တက်ကို အရေးနိမ့်ပြီး ထွက်ခွာခဲ့ရလို့ ချုယ်လ်ဆီးအတွက် ဖိအားတွေ ရှိနေချိန်လည်း ဖြစ်ပါတယ်။
"လက်ရှိအခြေအနေတွေက ခက်ခဲတယ်ဆိုတာကို သိပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့မှာ အချိန်မရှိတော့ပါဘူး၊ ကျွန်တော်တို့ရဲ့ ပြသနာတွေကို ဖြေရှင်းနိုင်ဖို့ပဲ ကြိုးစားရတော့မှာပါ၊ တစ်ဦးချင်းအမှားလေးတွေကို ရှောင်လွှဲနိုင်ဖို့ ကြိုးစားရမှာဖြစ်ပေမယ့်လည်း သိပ်တော့လွယ်မှာ မဟုတ်ပါဘူး၊ ဘာလို့လဲဆိုတော့ (၃)ရက်ကို တစ်ပွဲနှုန်းလောက် ကန်နေရတာမို့လို့ပါ" လို့ ဆာရီက ထပ်မံပြောဆိုခဲ့ပါတယ်။