စပါးကို အိမ်ကွင်းမှာ နောက်ဆုံး ၃၂ ပွဲမှာ တစ်ပွဲသာ ရှုံးထားဖူးတဲ့ချဲလ်ဆီး အိမ်ကွင်းရလဒ်ကောင်းကို ၂-၀ ဂိုးနဲ့ ဆက်လက် ထိန်းထားနိုင်ခဲ့ပါတယ်။
ချဲလ်ဆီးက စပါးကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၂၈ မှာ ချဲလ်ဆီးနည်းပြ ဆာရီက အသင်းရဲ့ ပထမဂိုးသမား ကီပါကို အရန်ခုံပေါ်ပို့ထားတာ တွေ့ရမှာပါ။
ဒီလို အရန်ခုံပေါ်ပို့လိုက်ခြင်းက မိမိတို့ ချဲလ်ဆီးတစ်သင်းလုံးကို သတိပေးစာပေးပို့လိုက်တာနဲ့ အတူတူပဲ လို့ နည်းပြဆာရီက ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တယ်လို့ Daily Mail ကဖော်ပြပါတယ်။
“ဒါက ကျွန်တော့်အဖွဲ့ကို သတိပေးစာပေးလိုက်တာပါပဲ၊ ကျွန်တော်တို့က အဖွဲ့ပါ ၂၅ ယောက် မဟုတ်ပါဘူး” လို့ ဆာရီက ပြောခဲ့တာပါ။
ကီပါအနေနဲ့ ပြီးခဲ့တဲ့ မန်စီးတီးနဲ့ ကစားခဲ့တဲ့ ကာရာဘောင်ဖလား ဗိုလ်လုပွဲမှာ နည်းပြဆာရီရဲ့ လူစားလဲမှုကို လက်မခံခဲ့ဘဲ နည်းပြရဲ့ လုပ်ဆောင်ချက်အပေါ် မလေးမစားပြုမူခဲ့တဲ့အတွက် အခုလို အရန်ခုံပေါ် ပို့ခံခဲ့ရတာလည်း ဖြစ်ပါတယ်။
လာမယ့် ရက်တွေမှာ ချဲလ်ဆီးအနေနဲ့ ဖူဟမ်၊ ဒိုင်နမိုကိဗ်တို့နဲ့ ဆက်လက် ကစားဖို့ရှိနေပြီး ဒီကနေ့ အသုံးပြုခဲ့တဲ့ လူစာရင်းကို အခြေခံပြီး ကစားဖို့ ရှိနေတယ်လို့လည်း Daily Mail က ဖော်ပြပါတယ်။ အခုလို ပေါင် ၇၂ သန်းတန် ဂိုးသမားကို ချန်လှပ်ဖို့အတွက် သူ့မှာ ဘယ်လိုအကြောင်းအရာမှ အခြေခံစရာမလိုဘူးလို့လည်း ဆာရီက ပြတ်ပြတ်သားသား ပြောသွားပါသေးတယ်။