ယမန်နေ့ညက လိဂ်ဖလားဗိုလ်လုပွဲမှာ မန်ချက်စတာစီးတီးအသင်းကို ချယ်ဆီးအသင်းက ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ချယ်ဆီးနည်းပြ ဆာရီကို အားနည်းစေခဲ့တဲ့ ကီပါရဲ့ဆုံးဖြတ်ချက်ဟာ ၎င်းကို ဝမ်းနည်းစေကြောင်း မော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။
ဝင်ဘလေကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကရာဘောင်ဖလားဗိုလ်လုပွဲစဉ်မှာ ချယ်ဆီးအသင်းဂိုးသမား ကီပါဟာ အချိန်ပိုဒုတိယပိုင်းမှာ ကာဘာလယ်ရိုနဲ့ လူစားလဲလှယ်ဖို့ကို အငြင်းပွားဖွယ် ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။
ချယ်ဆီးနည်းပြဆာရီဟာ ကီပါရဲ့ ကလန်ကဆန်အပြုအမူကြောင့် အကြီးအကျယ်ဒေါသပေါက်ကွဲခဲ့ပေမယ့် ပွဲအပြီးမှာ ၎င်းနဲ့ အသင်းဆရာဝန်တို့ကြားက နားလည်မှုလွဲမှားခြင်းသာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ချယ်ဆီးအသင်းကို ၂ ကြိမ်ကိုင်တွယ်ခဲ့ဖူးပြီး ပရီးမီးယားလိဂ်ဖလား ၃ ကြိမ် ရရှိခဲ့တဲ့ နည်းပြဟောင်း မော်ရင်ဟိုကတော့ ကီပါရဲ့အပြုအမူဟာ ဆာရီကို အားနည်းတဲ့နေရာကို တွန်းပို့ခဲ့တယ်လို့ ယုံကြည်နေပါတယ်။
“သူ့ရဲ့နည်းပြနဲ့ လက်ထောက်နည်းပြကို အရမ်းထိခိုက်လွယ်တဲ့အခြေအနေမှာ အဲဒီလို လုပ်ခဲ့တာတော့ ကျွန်တော် သဘောမကျပါဘူး။ ကံကောင်းစွာနဲ့ပဲ ဒီလိုမျိုး ကျွန်တော် တစ်ခါမှ မဖြစ်ခဲ့ဖူးဘူး။ ဂိုးသမားက သူ့ရဲ့ကိုယ်ရည်ကိုယ်သွေး၊ သူ့ရဲ့ ယုံကြည်ချက်ကို ပြသချင်တာပါ။ သူ အဲဒီမှာ ရှိနေပြီး ပင်နယ်တီအဆုံးအဖြတ်မှာ သူ ကာကွယ်မှုတွေ ပြုလုပ်ချင်တယ်ဆိုတာကို ပြသခဲ့တာပါ”လို့ DAZN ကို ပြောကြားခဲ့ပါတယ်။