ပင်နယ်တီအဆုံးအဖြတ်နဲ့အတူ လီဗာပူးတို့ ကာရာဘောင်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ချဲလ်ဆီးနဲ့လီဗာပူးတို့ရဲ့ ကာရာဘောင်ဖလားဗိုလ်လုပွဲကတော့ ဒီတပတ် ကစားသွားတဲ့ ပွဲစဥ်တွေနည်းတူ ယူကရိန်းအငွေ့အသက်တွေ လွှမ်းခြုံရင်းနဲ့ပဲ အစပြုခဲ့ပါတယ်။ ဝင်ဘလေကွင်းကြီးက ယူကရိန်းနဲ့ အတူရှိနေကြောင်း စာသားတွေကိုမြင်တွေ့ခဲ့ရသလို နှစ်ဖက်ပရိသတ်တွေကလည်း ယူကရိန်းကို စာနာထောက်ခံကြောင်း ပြသခဲ့ကြပါတယ်။



ဒီပွဲအတွက် ချဲလ်ဆီးက တိုက်စစ်မှာ လူကာကူကို ထည့်မသုံးခဲ့ဘဲ ဟာဗက်ဇ်၊ ပူလီဆစ်၊ မေဆင်မောင့်တို့နဲ့ ပွဲထွက်ခဲ့ပါတယ်။ ကွင်းလယ်မှာ ကိုဗာဆစ်နဲ့ကန်တေ ပွဲထွက်ခဲ့ပြီး အလွန်ဆို၊ အက်ဇ်ပီလီကွီတာ၊ ရူဒီဂါ၊ သီယာဂိုဆေးလ်ဗား၊ ချာလိုဘာ့ဂ် နဲ့ ဂိုးသမားနေရာမှာ မန်ဒီပွဲထွက်ခဲ့ပါတယ်။

လီဗာပူးကလည်း တိုက်စစ်မှာ မာနေး၊ ဆာလာ၊ ဒီယက်ဇ်၊ ကွင်းလယ်မှာ ဖာဘင်ဟို၊ ဟန်ဒါဆန်၊ ကီတာ၊ နောက်တန်းမှာ အာနိုးလ်၊ ဗန်ဒိုက်ချ်၊ မာတစ်ပ်၊ ရော်ဘတ်ဆန် နဲ့ ဂိုးသမားနေရာကတော့ ကာရာဘောင်ဖလားမှာ အသုံးပြုနေကျ အရံဂိုးသမား ကယ်လာဟာပဲ ပွဲထွက်ခဲ့ပါတယ်။

ပထမပိုင်းမှာ နှစ်သင်းလုံး အခွင့်အရေးတွေ ကိုယ်စီရရှိခဲ့ပေမယ့် နှစ်ဖက်ဂိုးသမားတွေ အစွမ်းပြနိုင်ခဲ့ကြပါတယ်။ ပွဲကစားချိန်အစောပိုင်းမှာ ပူလီဆစ်ရဲ့ ကန်ချက် ကယ်လာဟာ တည့်တည့်ရောက်သွားခဲ့သလို ကီတာ၊ မာနေးတို့ရဲ့ ကန်ချက်တွေကိုလည်း မန်ဒီတယောက် အံ့အားသင့်ဖွယ် ကာကွယ်နိုင်ခဲ့ပါတယ်။

မေဆင်မောင့်ကတော့ ပထမပိုင်းမှာရော၊ ဒုတိယပိုင်းမှာပါ အပိုင်အခွင့်အရေးတွေ လွဲချော်ခဲ့ပြီး ချဲလ်ဆီးအတွက် တော်တော်လေး နစ်နာခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း ပွဲကကြည့်ကောင်းခဲ့ပြီး အထူးသဖြင့် လီဗာပူးရဲ့ ထိုးဖောက်မှုတွေကို ချဲလ်ဆီးတို့ ခဲရာခဲဆစ် ကာကွယ်ခဲ့ရပါတယ်။

ဒုတိယပိုင်းစစချင်း မေဆင်မောင့်ရဲ့ ဂိုးသမားနဲ့တယောက်ချင်းအတွေ့ ကန်ချက်က တိုင်ထိထွက်ခဲ့ရသလို လီဗာပူးအတွက် မာတစ်ပ်ရဲ့ သွင်းဂိုးကလည်း ဗန်ဒိုက်ချ်လူကျွံနေတာကြောင့် VAR နဲ့ ပြန်လည်ပယ်ဖျက်ခဲ့ရပါတယ်။ ဟာဗက်ဇ်လည်း ချဲလ်ဆီးအတွက် ဦးဆောင်ဂိုးသွင်းခဲ့ပေမယ့် လူကျွံနေတာကြောင့် နစ်နာခဲ့ရပါတယ်။

ပွဲပြီးခါနီးလေ၊ လီဗာပူးရဲ့ထိုးဖောက်မှုတွေက ပိုမိုထိရောက်လာလေ၊ ပရိသတ်တွေအတွက် ရင်ခုန်ရလေပါပဲ။ နောက်ဆုံးမိနစ်၊ နောက်ဆုံးစက္က့န်အပိုင်းအခြားတွေမှာ လူကာကူ၊ ဗန်ဒိုက်ချ်တို့ရဲ့ ဂိုးဖြစ်မယ့် အပိုင်အခွင့်အရေးတွေကိုလည်း နှစ်သင်းလုံးက ဂိုးသမားတွေ လက်စွမ်းပြ ကာကွယ်ခဲ့ကြပါတယ်။

အဲ့ဒီနောက် အချိန်ပိုဆက်ကစားခဲ့ရပြီး အချိန်ပိုမှာလည်း လူကာကူရဲ့သွင်းဂိုးက လူကျွံဘောသတ်မှတ်ခံခဲ့ရပါတယ်။ အချိန်ပို ဒုတိယပိုင်းမှာလည်း ဟာဗက်ဇ်ရဲ့သွင်းဂိုးက လူထပ်ကျွံခဲ့ပြီး ပရိသတ်တွေအတွက် တော်တော်လေးကို မချိတင်ကဲဖြစ်ခဲ့ရတဲ့ပွဲပါပဲ။ ပင်နယ်တီကန်ခါနီးမှာတော့ ချဲလ်ဆီးတို့ ထုံးစံအတိုင်းပဲ တပွဲလုံးလက်စွမ်းပြခဲ့တဲ့ မန်ဒီအစား ကီပါကို လူစားထည့်သွင်းပြီး ပြင်ဆင်ခဲ့ပါတယ်။

ပင်နယ်တီအဆုံးအဖြတ်မှာတော့ နှစ်ဖက်ကစားသမား (၁၁) ယောက် အပြည့်ကန်ခဲ့ရပြီး နောက်ဆုံးပင်နယ်တီမှာ ကီပါ မိုးပေါ်ထောင်ကန်လိုက်တာကြောင့် လီဗာပူးတို့ ကာရာဘောင်ဖလားကို ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က