Huawei ရဲ့ flagship စီးရီးတစ်ခုဖြစ်တဲ့ Huawei P30 နဲ့အတူ mid-ranger ဖြစ်တဲ့ Lite ဗားရှင်းလည်း ဈေးကွက်ထဲ ဝင်ရောက်လာပြီ ဖြစ်ပါတယ်။
Huawei P30/P30 Pro တို့ကို မတ်လ ၂၆ ရက်နေ့က မိတ်ဆက်ခဲ့ပေမယ့် Lite version ကတော့ မိတ်ဆက်ပွဲမှာ ပါမလာခဲ့ပါဘူး။ Huawei P Series တွေဟာ ကင်မရာဦးစားပေးဖုန်းတွေအဖြစ် အစဉ်အဆက် နာမည်ထွက်ခဲ့တာပါ။ Huawei P30 Lite လို mid-range မော်ဒယ်မှာတောင် P Series တွေရဲ့ ကင်မရာကောင်းတဲ့ အစဉ်အလာကို ထိန်းသိမ်းထားတယ်လို့ဆိုရမှာပါ။
Photo: GSMArena
မျက်နှာပြင် ၆.၁၅ လက်မရှိတဲ့ Huawei P30 Lite ဟာ Huawei P30 မော်ဒယ်တွေလိုပဲ waterdrop notch လို့ဆိုရမယ့် ကင်မရာနေရာပဲ ချန်ထားတဲ့ display ဒီဇိုင်းနဲ့လာပြီး FullHD+ ရုပ်ထွက် ၊ 19.5:9 ratio ကိုယ်ထည်ဖွဲ့စည်းမှု ပါရှိပါတယ်။ EMUI 9.0.1 ပါတဲ့ Android 9 Pie စနစ် သုံးထားတဲ့ ဒီဖုန်းဟာ 3340 mAh ဘက်ထရီ ၊ 18W Fast-charging စနစ် သုံးထားပြီး Type C port ကနေ အားသွင်းနိုင်မှာပါ။
ကျောဘက်မှာ ပလတ်စတစ်ကိုယ်ထည်သုံးထားပြီး ဖုန်းကာလာကိုတော့ အရင် P20 series ကတည်းက ခေတ်စားနေတဲ့ ရောင်ပြေးကာလာစကပ်တွေ သုံးထားပါတယ်။ အနက် ၊ အဖြူနဲ့အပြာ ကာလာ သုံးရောင်နဲ့ထွက်ထားပြီး 128GB storage ကိုမှ RAM နှစ်မျိုးနဲ့ဝယ်ယူနိုင်မှာပါ။ Kirin 710 Processor နဲ့လာတဲ့ Huawei P30 Lite ဟာ 4GB/128GB ဗားရှင်းအပြင် ဖိလစ်ပိုင်မှာ RAM 6GB/128GB ဆိုပြီး ထွက်ထားပါတယ်။
ဒီဖုန်းရဲ့ ထူးခြားမှုက Huawei Lite ဗားရှင်းတွေထဲမှာ ကျောဘက်ကင်မရာ ၃ လုံး ပထမဆုံး သုံးလာခြင်းပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကစပြီး triple lens တွေ ခေတ်စားခဲ့တာ မှန်ပေမယ့် high-end မော်ဒယ်တွေမှာပဲ သုံးခဲ့တာပါ။ ၂၀၁၉ မှာတော့ mid-range ဗားရှင်းတွေလည်း ကင်မရာ ၃ လုံး ကနေ ၄ လုံးအထိ သုံးလာပြီ ဖြစ်ပါတယ်။
Photo: GSMArena
Huawei P30 Lite ဟာ 24MP ကင်မရာနဲ့အတူ 8MP wide-lens နဲ့2MP depth sensor ဆိုပြီး ကင်မရာ ၃ လုံးတွဲစနစ်ကို ကျောဘက်မှာ သုံးထားပြီး fingerprint scanner ကိုလည်း ကျောဘက်မှာပဲ ထားရှိထားပါတယ်။ ရှေ့ဆယ်လ်ဖီကင်မရာကတော့ 32MP ဖြစ်ပြီး AI selfie Superstar လို့Huawei က ကြေညာထားပါတယ်။
ဖိလစ်ပိုင် ဈေးကွက်မှာ Huawei P30 Lite ကို RAM 6GB/128GB ဗားရှင်းနဲ့မတ်လ ၂၇ ကနေ ဧပြီ ၄ ရက်နေ့အထိ pre-order မှာနိုင်မှာ ဖြစ်ပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၃၂၀ (မြန်မာငွေ ၄ သိန်း ၈ သောင်းကျော်ခန့်) ဈေးနဲ့ရောင်းချသွားမှာပါ။ မြန်မာပြည်ဈေးကွက်မှာတော့ RAM 4GB မော်ဒယ်ကို ၃၉၉၀၀၀ ကျပ်ဈေးနဲ့pre-order စတင်နေပါတယ်။