ဘယ်သတင်းတွေ ဖြစ်မလဲ။

၂၀၁၉ ခုနှစ်အတွင်း အနုပညာလောကထဲမှာ ဖြစ်သွားတဲ့ ထူးခြားဖြစ်စဉ်များကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ဘယ်သတင်းတွေက ပရိသတ်တွေကြားမှာ ရေပန်းစား အာရုံစိုက်ခံခဲ့ရတဲ့ သတင်းတွေ ဖြစ်မလဲ ကြည့်လိုက်ရအောင်နော်။

ပန်းတနော်က အမာခံပရိသတ်နဲ့ တွေ့ဆုံခဲ့တဲ့ ဇေရဲထက်

ဇေရဲထက်က သူ့ကို အရမ်းတွေ့ချင်နေတဲ့ ပန်းတနော်က အမာခံပရိသတ်ကောင်မလေးဆီကို ဖေဖော်ဝါရီ(၅) ရက်နေ့က သွားရောက်တွေ့ဆုံခဲ့တာပါ။ လမ်းခရီးကြမ်းတမ်းပြီး ခရီးဝေးပေမယ့်လည်း သူ့ကို တွေ့ချင်နေတဲ့ ပရိသတ်ဆီကို အရောက်သွားခဲ့တာ ဖြစ်ပါတယ်။ ပင်ပန်းမှုတွေ ရှိနေပေမယ့်လည်း အပြုံးမပျက်ဘဲ ရွာသူရွာသားတွေ အားလုံးကို ရင်းနှီးဖော်ရွေစွာ ဆက်ဆံခဲ့တာကြောင့် ဇေရဲထက်ဟာ နာမည်ကောင်း တစ်ခုကို အချိန်တိုလေးအတွင်း ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ဇေရဲထက်ရဲ့ သတင်းဟာ အွန်လိုင်းစာမျက်နှာပေါ်မှာ အချိန်အတောကြာ နေရာယူထားခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိခဲ့နိုင်တဲ့ သတင်းတစ်ခုလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လာရောက်ရိုက်ကူးခဲ့တဲ့ Line Walker 2 ဇာတ်ကားကြီး

ဟောင်ကောင်အက်ရှင်ဇာတ်ကား line Walker 2 ကို ရန်ကုန်မြို့ရဲ့ အထင်ကရနေရာတွေမှာ ဖေဖော်ဝါရီ (၁၈) ရက်နေ့ကလာရောက်ရိုက်ကူးခဲ့တာပါ။ အဲဒီဇာတ်ကားမှာ နာမည်ကြီး ဟောင်ကောင်မင်းသား Louis Koo နဲ့အတူ မြန်မာနိုင်ငံက သရုပ်ဆောင်တွေ ပါဝင်ခွင့်ရခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အလှအပတွေကို ထည့်သွင်း ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဇာတ်ကားရိုက်ကူးချိန်မှာ မြန်မာနိုင်ငံက သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေအနေနဲ့ ပြည်ပက အနုပညာရှင်တွေရဲ့ နည်းပညာတွေကို အနီးကပ် လေ့လာခွင့်ရခဲ့ပါသေးတယ်။ line Walker 2 ဇာတ်ကား လာရောက်ရိုက်ကူးချိန်မှာ ရန်ကုန်မြို့ရဲ့ အဓိကကျတဲ့လမ်းတွေ ပို့ိဆို့မှု ဖြစ်ပေါ်ခဲ့တာကြောင့်လည်း ပြည်သူတွေရဲ့ ဝေဖန်မှုတွေ ရှိခဲ့သလို ဒီလိုလာရောက်ရိုက်ကူးခြင်းဟာလည်း မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းအတွက် အခွင့်အလမ်းတစ်ခု ဖြစ်စေတယ်လို့ သုံးသပ်တဲ့သူတွေလည်း ရှိခဲ့ပါတယ်။

 အကယ်ဒမီ ဂယက်

မတ်လ(၂၃) ရက်နေ့က ပြုလုပ်ခဲ့တဲ့ ၂၀၁၈ခုနှစ်အတွက် ပေးအပ်တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးရဲ့ ဂယက်ကတော့ တော်တော့်ကို ကြီးမားခဲ့တယ်လို့ ဆိုရမှာပါ။ ပရိသတ်တွေ ခန့်မှန်းထားတဲ့ အနုပညာရှင်တွေ ဆုမရခဲ့တာမျိုး ရှိသလို အမျိုးသားဇာတ်ဆောင်ဆုနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ကြား ပြောစရာ တစ်ခုဖြစ်သွားခဲ့ပါတယ်။ ပရိသတ်တွေ အားလုံးက နေတိုးကို အမျိုးသားဇာတ်ဆောင်ဆု ရမယ်လို့ ခန့်မှန်းထားကြပေမယ့် တကယ်တမ်း ဆုရသွားတဲ့ သူက သူထူးစံ ဖြစ်နေခဲ့ပါတယ်။ “ သမန်းကျား” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အမျိုးသားဇာတ်ဆောင်ဆု ရခဲ့တာဖြစ်လို့ ပရိသတ်တွေ အံ့သြမဆုံး ဖြစ်ခဲ့ရပါတယ်။ ဒါတင်မကပါဘူး ဆုမပေးအပ်ခင်အချိန်မှာ ဆုရသူတွေရဲ့ စာရင်း ကြိုပြီးပေါက်ကြားသွားတာကလည်း တော်တော့်ကို ဆိုးရွားခဲ့တယ်လို့ ပြောရမှာပါ။ နောက်ထပ် အခြေအနေတစ်ခုကတော့ မြန်မာ့ရုပ်ရှင်လောကကို အပြောင်းအလဲဖြစ်အောင် ဖန်တီးနိုင်ခဲ့တဲ့ ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ ရုပ်ရှင်ဇာတ်ကား (၂)ကားစလုံး ဆန်ကာတင်စာရင်းဝင်ခဲ့ပေမယ့် ဘာဆုမှ မပေးအပ်ခဲ့တာကလည်း ပရိသတ်တွေကြား ဝေဖန်စရာ တစ်ခု ဖြစ်ခဲ့ပါတယ်။ မတ်လ(၂၃)ရက်နေ့မှာ ကျင်းပခဲ့တဲ့ အကယ်ဒမီပေးပွဲကြီးရဲ့ သတင်းတွေ၊ ဂယက်တွေက အခုချိန်ထိ ပရိသတ်တွေကြားထဲ ပြောစမတ်တစ်ခုအနေနဲ့ ကျန်ရှိလို့နေခဲ့ပါတယ်။

စာနယ်ဇင်းကောင်စီက ပေးအပ်တဲ့ Star Award

ဧပြီ(၅) ရက်နေ့မှာ စာနယ်ဇင်းကောင်စီကနေ ကြီးမှူးကျင်းပခဲ့တဲ့ ဒီဆုပေးပွဲကတော့ ၂၀၁၉ခုနှစ်မှာ ပထမဆုံးအကြိမ် စတင်ပြုလုပ်တဲ့ ဆုပေးပွဲဖြစ်ပြီး အားလုံးက စောင့်ကြည့်ခြင်း ခံရတဲ့ ပွဲတစ်ပွဲပါ။ ဒီပွဲကို စတင်သတိထားမိသွားတာက ပရိသတ်တွေရဲ့ SMS Voting စနစ်နဲ့ ရွေးချယ်ရတဲ့ people Choice ဆုပါပဲ။ ဒီဆုစနစ်ကို အားလုံးက မကြိုက်ခဲ့ကြသလို အနုပညာရှင်တွေကိုယ်တိုင်က ပါဝင်လိုခြင်း မရှိခဲ့ဘဲ ကန့်ကွက်ခဲ့တာကြောင့် အွန်လိုင်းစာမျက်နှာပေါ်မှာ အံ့ုအော်သောင်းနင်းဖြစ်သွား ခဲ့ပါသေးတယ်။ နောက်တစ်ခုကတော့ အကယ်ဒမီပေးပွဲမှာ ဆုမရခဲ့တဲ့မင်းသမီး၊ မင်းသားတွေကို ဒီဆုပေးပွဲမှာ ဆုတွေ ပေးအပ်ခဲ့တာကြောင့် ဒီတစ်ချက်က ပရိသတ်တွေရဲ့ ဆန္ဒနဲ့ ထပ်တူကျခဲ့တာကို တွေ့ရပါတယ်။ ပရိသတ်တွေရဲ့ ဆန္ဒနဲ့ ထပ်တူကျခဲ့ပေမယ့်လည်း Star Award ပွဲဟာ အကယ်ဒမီကို ဆန့်ကျင်တဲ့ပွဲလားဆို ပြီး ဝေဖန်မှုများစွာ ကျန်ရှိခဲ့ပါတယ်။ Star Award ပွဲရဲ့ ထူးခြားချက်ကတော့ အကယ်ဒမီမှာ မပေးခဲ့ဖူးတဲ့ ဇာတ်လမ်းတွဲမှာ ပါဝင်ရတဲ့ သရုပ်ဆောင်တွေအတွက် ဆုတွေ ပေးအပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါဟာ အနုပညာလမ်းကို လျှောက်လမ်းမယ့် အသစ်လေးတွေအတွက် အားတစ်ခု ဖြစ်စေခဲ့ပါတယ်။ နှစ်စဉ်နှစ်တိုင်း ကျင်းပနိုင်ဖို့ ပြင်ဆင်နေတဲ့ Star Award ပွဲကို ဒီနှစ်မှာ ဘယ်လိုပုံစံမျိုးတွေနဲ့ ပရိသတ်တွေ တွေ့မြင်ရမလဲဆိုတာကတော့ သိပ်မကြာတော့တဲ့ အချိန်မှာ သိရတော့မှာပါ။

လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့ မိုးအောင်ရင်

မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှု၊ သုံးစွဲမှုတို့နဲ့ ထောင်ဒဏ်၁၇ နှစ်လောက်ကျဖို့ရှိတဲ့ သရုပ်ဆောင်မိုးအောင်ရင် ဟာ မေလ(၇) ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။ မိုးအောင်ရင် လွတ်မြောက်လာတဲ့ အချိန်မှာ သူများတွေနဲ့အတူ အကျဉ်းထောင်ကနေ တစ်ချိန်တည်း ထွက်လာတာမျိုး မဟုတ်ဘဲ လွတ်မယ့် မနက်အစောပိုင်းကတည်းက အိမ်ကနေ လာရောက်ခေါ်ယူသွားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်သွားတဲ့ မိုးအောင်ရင်သတင်းဟာ အပြင်လောကမှာ တော်တော်ဂယက်ထသွားခဲ့ပါတယ်။ ဆေးမှုနဲ့ ထောင်(၁၇)နှစ်လောက် ကျမယ့်သူဟာ လွတ်ငြိမ်းချမ်းသာခွင့်ထဲ ပါသွားတဲ့အတွက် ဝေဖန်မှုတွေ များစွာ ရှိခဲ့သလို မိုးအောင်ရင် ပြန်လွှတ်လာတဲ့ အတွက်လည်း သူ့ရဲ့ ပရိသတ်တွေက ဝမ်းသာလို့နေကြပါတယ်။

မူးယစ်ရဲတပ်ဖွဲ့ရဲ့ မှားယွင်းဖမ်းဆီးမှုကို ခံခဲ့ရတဲ့ ဖြိုးပြည့်စုံတို့သူငယ်ချင်းတစ်စု

မေလထဲမှာဆိုရင် ဒီသတင်းက ပြည်သူတွေကြား စိတ်ဝင်တစားနဲ့ စောင့်ကြည့်ခြင်း ခံခဲ့ရတဲ့ သတင်းတစ်ပုဒ်ဖြစ်ပါတယ်။ ဖြိုးပြည့်စုံနဲ့ သူငယ်ချင်းတစ်စုကို မူးယစ်ဆေးဟုယူဆရတဲ့ ဆေးပြားတွေနဲ့အတူ မြန်မာပလာဇာအရှေ့မှာ မူးယစ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးရမိတဲ့အချိန်မှာ ဝေဖန်မှုတွေလည်း ရှိခဲ့သလို ဖြိုးပြည့်စုံတို့ဘက်က ရပ်တည်ပေးတဲ့ သူတွေလည်း ရှိခဲ့ပါတယ်။ အဲဒီနောက် ဖမ်းဆီးခံရပြီး (၃) ရက်မြောက်နေ့မှာ ဖြိုးပြည့်စုံတို့ဟာ မူးယစ်ဆေးဝါး သုံးစွဲတာ မဟုတ်သလို အတူဖမ်းဆီးရမိတဲ့ ဆေးပြားတွေကလည်း ပူရှိန်းသကြားလုံးတွေ ဖြစ်တာကြောင့် ဗဟန်းရဲစခန်း ကနေ ပြန်လွတ်ပေးလိုက်ပါတယ်။ မူးယစ်ရဲတပ်ဖွဲ့ရဲ့ မှားယွင်းစွာ ဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး ပြည်သူတွေကြားမှာ ဝေဖန်စရာတွေ များစွာဖြစ်ခဲ့ပါသေးတယ်။ အဖမ်းခံခဲ့ရတဲ့ ဖြိုးပြည့်စုံတို့ဘက်ကလည်း မှားယွင်းစွာ ဖမ်းဆီးမှုအပေါ် တစ်စုံတရာတုံ့ပြန် ဆောင်ရွက်မှု မလုပ်ခဲ့ပါဘူး။ နောက်နောင် သူတို့ရဲ့ ဖြစ်စဉ်မျိုး ထပ်မဖြစ်အောင် ဂရုစိုက်နိုင်ရင်ပဲ ကျေနပ်ပါတယ်လို့ ဆိုခဲ့ပါတယ်။

Now & Everဇာတ်ကား ဝင်ငွေစာရင်းကို ကြေညာခဲ့တဲ့ ခီမောင်နှံ

နိုဝင်ဘာလထဲမှာ အနုပညာလောကတစ်ခုလုံးကို လှုပ်ခတ်သွားတဲ့ သတင်းတစ်ပုဒ်လို့ ဆိုရမှာပါ။ ခီမောင်နှံရဲ့ တတိယမြောက် ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ Now & Ever ဇာတ်ကားဟာ ပရိသတ်တွေရဲ့ အားပေးမှု တခဲနက် ရရှိခဲ့ပါတယ်။ ရုံဝင်လက်မှတ် ရောင်းချမှုအရ အဲဒီဇာတ်ကားဟာ သိန်းပေါင်း ၂၄၀၀၀ ဝင်ငွေရခဲ့ကြောင်းကိုလည်း ပရိသတ်တွေ အတိအလင်းကြေညာခဲ့ပါတယ်။ ရုံတွေနဲ့ တစ်ဝက်စီခွဲယူရင် သူတို့အတွက် သိန်းပေါင်း (၁၁၀၀၀) လောက်ကျန်ကြောင်း နိုင်ငံတော်အတွက် သိန်း (၁၁၀၀)တိတိကို ဝင်ငွေခွန်ဆောင်သွားဖို့ ရှိကြောင်း Fan Meeting မှာ ပြောခဲ့တာပါ။ မြန်မာ့ရုပ်ရှင်လောကမှာ ထုတ်လုပ်သူတွေ၊ ဒါရိုက်တာတွေအနေနဲ့ သူတို့ရဲ့ ဇာတ်ကားဝင်ငွေတွေကို အတိအလင်း ကြောညာတာမျိုး မရှိခဲ့ပါဘူး။ ဒါကြောင့် ယခုလိုဝင်ငွေနဲ့ ပတ်သက်ပြီး တရားဝင်ကြေညာပေးခဲ့တဲ့ ခီမောင်နှံကို ပရိသတ်တွေအားလုံးဝိုင်းဝန်းချီးကျူးခဲ့ကြတာ တွေ့ရပါတယ်။

Share

Loading Next Article...
က္က