မြန်မာနိုင်ငံမှာ ကူးစက်မှု မြင့်မားနေတဲ့ ကိုဗစ်-၁၉ ရောဂါအခြေအနေတွေကြောင့် နိုဝင်ဘာလ (၈) ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲလာပေးမည့်သူ နည်းပါးလိမ့်မယ်လို့ မယူဆကြောင်း ရွေးကောက်ပွဲကော်မရှင်က ပြောလိုက်ပါတယ်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနေတဲ့အတောအတွင်း မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေဟာ စုပေါင်းအင်အားနဲ့ ၂၀၂၀ ရွေးကောက်ပွဲကို အောင်မြင်အောင် ကျင်းပနိုင်လိမ့်မည်လို့ ယူဆကြောင်း၊ မဲဆန္ဒရှင်ပြည်သူတွေဟာလည်း အရင်ကထက် အရေအတွက် များများ မဲလာထည့်လိမ့်မည်လို့ ယူဆကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောလိုက်ပါတယ်။
ဓာတ်ပုံ- မဲစာရင်းလာကြည့်သည့် ပြည်သူတစ်ဦးကို တွေ့ရစဉ်။
ဒီကနေ့ စက်တင်ဘာ (၂၀) ရက်မှာပြုလုပ်တဲ့ “၂၀၂၀ပြည့်နှစ်အထွေထွေရွေးကောက်ပွဲနှင့် သတင်းမီဒီယာများ၏အခန်းကဏ္ဍ" Online ဆွေးနွေးပွဲ မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
“မဲလာပေးမယ့်သူနည်းပါးလိမ့်မယ်လို့ ဆိုပြီး စိုးရိမ်စိတ်မရှိပါဘူး။ လုံး၀ နည်းလာစရာအကြောင်းမရှိပါဘူး။ အရင်ကထက်တောင် ပိုပြီးများလာလိမ့်မယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ဘက်က မဲဆန္ဒရှင်တွေ လွတ်လွတ်လပ်လပ်မဲပေးနိုင်အောင် ကျွန်တော်တို့က စီမံဆောင်ရွက်မယ်။ တစ်ဖက်မှာ ကျန်းမာရေးဝန်ကြီးဌာနကလည်း လာရောက်မဲဆန္ဒပေးမယ့်သူတွေကို ဒီရောဂါကနေ စိုးရိမ်ကြောင့်ကြပူပန်မှုမရှိဘဲ လုံလုံခြုံခြုံနဲ့ မဲပေးလို့ရမယ့် အစီအမံတွေနဲ့ ဆောင်ရွက်မယ်။ ဆန္ဒမဲပေးခြင်းကြောင့် ဒီရောဂါ ဘာမှ မကူးစက်နိုင်ဘူး။ ကောင်းကောင်းစီမံဆောင်ရွက်နိုင်တယ်ဆိုတာကို ပြသပါမယ်။ “ လို့ ဦးမြင့်နိုင်က ပြောပါတယ်။
မြန်မာနိုင်ငံထက် ကိုဗစ်-၁၉ ရောဂါ ဆိုးဆိုးရွားရွားဖြစ်ပွားနိုင်တဲ့ နိုင်ငံတွေမှာတောင် ရွေးကောက်ပွဲကို အောင်အောင်မြင်မြင်နဲ့ ကျင်းပသွားနိုင်တာကို တွေ့ရပြီး ကိုဗစ်-၁၉ ရောဂါကလည်း နိုင်ငံသားတစ်ဦးစီရဲ့အရေးဖြစ်သလို ရွေးကောက်ပွဲကလည်း နိုင်ငံသားတွေရဲ့ အရေးဖြစ်တာကြောင့် ကိုဗစ်-၁၉ ဖြစ်ပွားနေပေမယ့်လည်း ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်တဲ့ သမိုင်းမှတ်တမ်းတင်နိုင်အောင် ဆောင်ရွက်သွားမယ်လို့လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆိုပါတယ်။
ဒါ့အပြင် ကိုဗစ်-၁၉ ကြောင့် ကွာရန်တင်းဝင်နေရသူတွေ၊ ရောဂါဖြစ်ပွားနေသူတွေလည်း မဲပေးခွင့်မဆုံးရှုံးရအောင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားမှာဖြစ်သလို ကြိုတင်မဲပေးနိုင်အောင် စီမံဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။
နိုဝင်ဘာလ (၈) ရက်မှာ ကျင်းပမယ့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းတွေကို စက်တင်ဘာလကုန်မှာ ထုတ်ပြန်ကြေညာပေးသွားမှာဖြစ်ပြီး အွန်လိုင်းကနေ ကြည့်လို့ရနိုင်အောင်လည်း စီစဉ်ထားတယ်လို့ ဆိုပါတယ်။
ရောဂါအခြေအနေကြောင့် မဲစာရင်းလာမကြည့်နိုင်တဲ့သူတွေအတွက် အွန်လိုင်းကနေ ကြည့်နိုင်ပြီး မဲရုံတွေမှာ မဲစာရင်းလာကြည့်မယ့်သူတွေအတွက်လည်း ရောဂါကာကွယ်ရေးအစီအမံတွေ ပြုလုပ်ထားတယ်လို့လည်း သိရပါတယ်။
၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ထုတ်ပြန်ရာမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၇ သန်းကျော်ရှိပြီး အခု ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ပြန်လည်ပြုစုရာမှာတော့ မဲပေးပိုင်ခွင့်ရှိသူ ၃၈ သန်းကျော် ရှိလာတယ်လို့လည်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။
Share