ရောဂါထိန်းချုပ်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်မယ်လို့ ကျန်းမာရေးဝန်ကြီးကပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းတွေကို ပြည်သူလူထု လိုက်နာမှု အားနည်းလာတာနဲ့ အမျှ ရုတ်တရက် ရောဂါဖြစ်ပွားသူ အစုလိုက်၊အပြုံလိုက် ဖြစ်လာနိုင်တဲ့အတွက် တုံ့ပြန်ဆောင်ရွက်နိုင်ဖို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ပြင်ဆင်နေတယ်လို့သိရပါတယ်။

“ ကိုဗစ်စည်းကမ်းချက်တွေကို အခြေအနေအကြောင်းကြောင်းကြောင့် ပြည်သူတွေလိုက်နာမှု အားနည်း လာတယ်။ ဒီလိုမျိုး လိုက်နာမှု အားနည်းတဲ့ ပြည်သူတွေကြားထဲကို ရုတ်တရက်များ ရောဂါလက္ခဏာမပြဘဲ ပိုးသယ်ဆောင်တဲ့သူတစ်ယောက်များ ရောက်သွားခဲ့ရင် အုပ်စုလိုက် ဖြစ်ပွားမှုတွေ ပြန်လည်တွေ့ရှိနိုင်တယ်။ “ လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးဒေါက်တာသန်းနိုင်စိုးက Duwun ကိုပြောပါတယ်။

နိုင်ငံတကာမှာလည်း ကိုဗစ်ဒုတိယလှိုင်းလို့ သတ်မှတ်ကြတဲ့ အစုလိုက်၊ အပြုံလိုက် ဖြစ်ပွားမှု တွေ ရုတ်တရက်မြင့်တက်လာနေပြီး မြန်မာနိုင်ငံမှာလည်း ကိုဗစ်-၁၉ ပိုးတွေ့ရှိမှုမှာ ၆၁ ရာခိုင်နှုန်းက လက္ခဏာမပြဘဲ ပိုးတွေ့ခဲ့တာကြောင့် ကိုဗစ်ဒုတိယလှိုင်းအတွက် စိုးရိမ်စရာဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဦးဆောင်ပြီး ဒုတိယလှိုင်းမဖြစ်အောင် ကြိုတင်ကာကွယ်ရမယ့်နည်းလမ်းတွေ၊ ဖြစ်လာခဲ့ရင်လည်း ထိခိုက်မှုနည်းနိုင်သမျှနည်းအောင် စနစ်တကျတုံ့ပြန်ဆောင်ရွက်ရမယ့် နည်းလမ်းတွေကို ပြင်ဆင်နေတယ်လို့လည်းသိရပါတယ်။

ဓာတ်ပုံ- MOHS

ဆေးရုံတွေမှာ သံသယလူနာတွေ ရောက်လာခဲ့ရင် ပြင်ဆင်ရမယ့် အခြေအနေတွေ၊ ပိုးတွေ့လူနာတွေကို ကုသပေးနိုင်ဖို့ ဆေးရုံတွေမှာ ပြင်ဆင်ထားမှု၊ ပိုးတွေ့လူနာတွေကို ဆေးရုံတွေဆီ သယ်ဆောင်ရမယ့် အခြေအနေ၊ ပိုးတွေ့လူနာတွေနဲ့ ထိတွေ့ခဲ့သူတွေကို လိုက်လံစုံစမ်းရမယ့် အခြေအနေ၊ နေရာတစ်နေရာမှာဖြစ်ခဲ့ရင် အဲဒီနေရာကို Lock Down လုပ်ရမယ့်အခြေအနေ၊ Stay at Home နေဖို့ ညွန်ကြားရမယ့်အခြေအနေတွေ စတာတွေကို တုံ့ပြန်ဆောင်ရွက်နိုင်ဖို့ အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သဏ္ဍာန်တူ စားပွဲဝိုင်းလေ့ကျင့်ခန်းတွေ လုပ်နေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ဖြစ်ပွားမှုအခြေအနေမှာ ၆၁ ရာခိုင်နှုန်းက ရောဂါလက္ခဏာမပြတဲ့သူတွေ၊ လူနာတွေရဲ့ ၅၅ ရာခိုင်နှုန်းက ပြည်ပနိုင်ငံတွေကနေ ကူးစက်ဝင်ရောက်လာသူတွေဖြစ်ပြီး လက်ရှိတွေ့ရတဲ့လူနာတွေကလည်း ပြည်ပနိုင်ငံတွေက ကူးစက်ဝင်ရောက်လာသူတွေဖြစ်နေတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးကလည်း စားပွဲဝိုင်းလေ့ကျင့်ခန်း ဆွေးနွေးပွဲမှာ ပြောသွားခဲ့ပါတယ်။

လက်ရှိ ရောဂါပိုးတွေ့ရှိမှုနှုန်းအနေနဲ့ ဓာတ်ခွဲစစ်ဆေးမှု အရေအတွက်တိုးမြှင့်ခဲ့ပေမယ့်လည်း ပိုးတွေ့လူနာတွေ တွေ့ရှိမှု မြင့်တက်လာတာမရှိသလို သံသယလက္ခဏာလူနာအရေအတွက်၊ အသွားအလာကန့်သတ်ထားရှိသူဦးရေ လျော့နည်းလာတယ်လို့လည်းသိရပါတယ်။

COVID-19 ရောဂါပိုးရှိသော်လည်း ရောဂါလက္ခဏာ မပြသူများနှင့် ရောဂါလက္ခဏာမပြင်းထန်သူများရှိနေနိုင်တာကြောင့် မိမိတို့အနေနဲ့ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်ရမယ်လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က