လာမယ့် ဇူလိုင် ၁၇ ရက်မှာ ရွေးချယ်ချီးမြှင့်မှာပါ။

ဇူလိုင် ၂၁ ရက်မှာ ဖွင့်လှစ်မယ့် အခြေခံပညာအထက်တန်းကျောင်းတွေမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အကောင်းဆုံးပြင်ဆင်ထားတဲ့ ကျောင်းတွေကို ရွေးချယ်ပြီး အမြင့်ဆုံး ဆုကြေးငွေ သိန်း ၅၀ အထိ ချီးမြှင့်သွားဖို့ စီစဉ်နေတယ်လို့ အခြေခံပညာဦးစီးဌာနကနေ သိရပါတယ်။

ပါဝင်ယှဉ်ပြိုင်ရမယ့် ကျောင်းတွေကို အမျိုးအစား (၃) မျိုးခွဲခြားထားပြီး အခြေခံပညာအထက်တန်းကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းတွေ နဲ့ အထက်တန်းအဆင့်သင်ကြားတဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း တို့ ဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။



“၂၀၂၀-၂၁ ပညာသင်နှစ်မှာ အခြေခံပညာကျောင်းတွေအားလုံး COVID-19 ဘေးအန္တရာယ်ကို စနစ်တကျကြိုတင်ကာကွယ်ပြီး ဘေးကင်းလုံခြုံ ကျန်းမာပျော်ရွှင်စွာနဲ့ ပညာသင်ကြားနိုင်ဖို့ပါ။ ဒီ စံပြကျောင်းတွေကို ကြည့်ပြီး နောက်ဖွင့်မယ့် အလယ်တန်း၊ မူလတန်းကျောင်းတွေလည်း လိုက်နာနိုင်အောင်လို့ ရည်ရွယ်ပါတယ်။ ဆရာဆရာမတွေ၊ ကျောင်းသား၊ ကျောင်းသားမိဘတွေ၊ ရပ်ရွာပြည်သူတွေ အားလုံး ရောဂါကြိုတင်ကာကွယ်တားဆီးရမယ့်နည်းစနစ်တွေကို ကိုယ်တိုင်လိုက်နာကျင့်သုံး ပူးပေါင်းဆောင်ရွက်တတ်ဖို့လည်းဖြစ်ပါတယ်” လို့ ဒေါက်တာတင်မောင်ဝင်းက ဆိုပတယ်။

နေပြည်တော်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တစ်ခုချင်းစီအလိုက် ကိုယ်စားပြုယှဉ်ပြိုင်မယ့် အခြေခံပညာ အထက်တန်းကျောင်း (၁၈) ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း (၁၈) ကျောင်းတို့ကို စည်းကမ်းလိုက်နာမှု စံနှုန်းတွေနဲ့ အညီ သက်ဆိုင်ရာ တိုင်း၊ပြည်နယ် ပညာရေးမှူးတွေက ရွေးချယ်ပေးရမှာပါ။

အဆိုပါ ရွေးချယ်ထားတဲ့ အထက်တန်းကျောင်းတွေထဲကနေ အကောင်းဆုံး ပထမ၊ ဒုတိယ၊ တတိယ ၊ ကိုယ်ပိုင်အထက်တန်းကျောင်းတွေထဲကနေ အကောင်းဆုံး ပထမ၊ ဒုတိယ၊ တတိယ ဆုတွေ ချီးမြှင့်မှာပါ။ ပထမဆုကို ကျပ်သိန်း ၅၀၊ ဒုတိယဆုကို သိန်း ၃၀ နဲ့ တတိယဆုကို သိန်း ၂၀ စီရရှိမှာပါ။ အခြေခံပညာအထက်တန်းအဆင့်သင်ကြားတဲ့ ဘုန်းတော်ကြီးသင်ကျောင်းတွေဖြစ်တဲ့ မန္တလေးဖောင်တော်ဦးနဲ့ စစ်ကိုင်းအပြည်ပြည်ဆိုင်ရာ ဗုဒ္ဓပညာရေးစင်တာ ကိုတော့ တက်ကြွလှုပ်ရှားမှု အထူးဆုအဖြစ် ကျပ် ၂၅ သိန်း စီရွေးချယ်ပေးမှာပါ။

ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် အခြေခံပညာအထက်တန်းကျောင်း ၁၈ ကျောင်းနဲ့ အထက်တန်းအဆင့်ဘုန်းတော်ကြီးသင် ကျောင်း ၂ ကျောင်းတို့ အတွက် ကြိုတင်ပြင်ဆင်မှု ကုန်ကျစရိတ် အဖြစ် တစ်ကျောင်းကို သုံးသိန်းစီ ပံ့ပိုးပေးမှာဖြစ်ပါတယ်။  ဇူလိုင် ၂၁ ရက်မှာ ပြန်လည်ဖွင့်လှစ်မယ့် အခြေခံပညာအထက်တန်းကျောင်းတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းပေါင်း ၆၀၀၀ ကျော် ဖွင့်လှစ်သွားမယ်လို့လည်း အခြေခံပညာဦးစီးဌာနက သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က