အမေရိကန်နိုင်ငံသား နာမည်ကျော် Dota 2 Offlane ကစားသမား “UNIVERSE” ဟာ လက်ရှိဆော့ကစားနေတဲ့ ဥရောပအခြေစိုက် Dota 2 အသင်း NiP ရဲ့လူစာရင်းကနေ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
NiP အသင်းကတော့ အခုလိုထုတ်ပယ်ရခြင်းဟာ လက်ရှိ COVID-19 ရောဂါပြန့်ပွားမှုကြောင့် ဖြစ်ပြီး လာမယ့်နှစ်မှာ ဒေသအလိုက် လိဂ်စနစ်သို့ ပြောင်းလဲကျင်းပသွားမယ့်အပေါ်လည်း ကြိုတင်ပြောင်းလဲရာကျကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ Dota 2 ဟာ မေဂျာပြိုင်ပွဲကြီးတွေမှာ စွမ်းဆောင်ရည်ပေါ်မူတည်ပြီး ရမှတ်ပေးကာ The International (Ti) ပြိုင်ပွဲကို တိုက်ရိုက်ဝင်ခွင့်ပေးတဲ့ပုံစံကနေ ဒေသခြောက်ခုအလိုက် လိဂ်ပြိုင်ပွဲတွေနဲ့ ရမှတ်ပေးမယ့် စနစ်ကို ပြောင်းလဲတော့မှာဖြစ်ပြီး အသင်းတစ်သင်းမှာ အနည်းဆုံး ဒေသတွင်းကစားသမား ၃ ဦးပါဝင်ရမှာဖြစ်ပါတယ်။
NiP အသင်းဟာ လက်ရှိအသင်းကို ဆက်လက်လေ့ကျင့်ပြီး ပြိုင်ပွဲတွေဝင်ချင်ပေမယ့် အမေရိကန်နိုင်ငံမှာ ပိတ်မိပြီး လာရောက်မပူးပေါင်းနိုင်တဲ့ UNIVERSE ကြောင့် အခက်အခဲတွေ့နေရပြီး အခုလိုဆုံးဖြတ်လိုက်ရတာပါ။ UNIVERSE သို့ Saahil Arora ဟာ ၂၀၁၅ ခုနှစ်က EG အသင်းနဲ့ Ti ပြိုင်ပွဲကို အနိုင်ရရှိခဲ့သူဖြစ်ပြီး အဆိုပါချန်ပီယံအသင်းဖော်ဟောင်း PPD တည်ထောင်ထားတဲ့ NiP မှာ ၂၀၁၉ ခုနှစ် စက်တင်ဘာက စတင်ဆော့ကစားခဲ့တာဖြစ်ပါတယ်။
“ယှဉ်ပြိုင်မှုပြင်းထန်တဲ့ Dota ရဲ့ လက်ရှိအခြေအနေဟာ ကျွန်တော်တို့အားလုံးကို အသင်းတစ်သင်း ဘယ်လိုလည်ပတ်ရမလဲ ဆိုတာကို ပြန်လည်တွက်ဆဖို့ အားပေးလာခဲ့ပြီး အနာဂါတ်မှာ ဒေသအလိုက် စုစည်းမှုကို အားပေးတဲ့ ချဉ်းကပ်မှု ပိုလိုအပ်လာပါတယ်။ Saahil ဟာ NiP အတွက် သစ္စာရှိပြီး လက်စွမ်းတည်ငြိမ်တဲ့ ကစားသမား ဖြစ်ပြီး သူ့ကိုရတဲ့ ဘယ်အသင်းမဆို ကံကောင်းတာပါပဲ။ ဂွတ်လဒ် Saahil မင်းနဲ့အတူရှိခဲ့ရတာ ဝမ်းသာပါတယ်” လို့ ထုတ်ပြန်ခဲ့ပါတယ်။
NiP ဟာ လက်ရှိ ESL One LA အွန်လိုင်းလိဂ်ပြိုင်ပွဲကို အရံကစားသမားနှစ်ဦးဖြစ်တဲ့ MiLAN နဲ့ Blizzy တို့နဲ့ ဆော့ကစားနေပါတယ်။ EU နဲ့ CIS တို့ကို သီးသန့်ဒေသတစ်ခုစီ သတ်မှတ်ထားတာကြောင့် နောက်နှစ်လိဂ်စနစ်အတွက် ပြင်ဆင်ချင်ရင်တော့ အမေရိကန်နိုင်ငံသားဖြစ်တဲ့ PPD အနေနဲ့ ထပ်ပြီးပြောင်းလဲမှုတွေ လုပ်ရဦးမှာပါ။