အွန်လိုင်းကတစ်ဆင့် မဲဆွယ်ခြင်းတွေဟာ ပြည်သူတွေဆီရောက်ရှိမှုအားနည်းမှာကို နိုင်ငံရေးပါတီတွေက စိုးရိမ်နေကြပါတယ်။

လတ်တလော ကိုဗစ်-၁၉ ဖြစ်ပွားမှုနှုန်းမြင့်တက်မှုတွေကြောင့် ၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေအနေနဲ့ မြေပြင်မှာ ကွင်းဆင်းမဲဆွယ်တာတွေ မလုပ်ကြတော့ဘူးလို့ နိုင်ငံရေးပါတီအချို့ထံက သိရပါတယ်။

နိုင်ငံရေးပါတီတွေအနေနဲ့ လူ ၅၀ ဦးထက် ပိုပြီး စုဝေးမဲဆွယ်ခွင့်မရသလို လတ်တလော ကိုဗစ်-၁၉ ရောဂါအခြေအနေတွေကြောင့် Stay Home လုပ်ထားတဲ့ မြို့နယ်တွေမှာ မဲဆွယ်စည်းရုံးခွင့်မရဘူးလို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတာကြောင့် ပါတီအများစုဟာ အွန်လိုင်းကတစ်ဆင့် မဲဆွယ်စည်းရုံးတာတွေကို အများဆုံးပြုလုပ်လာကြတာလည်းဖြစ်ပါတယ်။



“ အန်ကယ်တို့ ပါတီတွေအနေနဲ့ ရန်ကုန်မှာဆို မြေပြင်ကွင်းဆင်းမဲဆွယ်တာတွေ မလုပ်တော့ဘူး။ လုပ်လို့လည်း မရတော့ဘူး။ ပါတီ Brand ကိုသိအောင်လို့တော့ Blue Campign အနေနဲ့ ကားတန်းတွေ လှည့်လည်မောင်းနှင်တာမျိုးလုပ်တယ်။ မြို့နယ်အလိုက် ကိုဗစ်ဖြစ်တဲ့နေရာတွေကိုသွားပြီးထောက်ပံ့မယ်။ ပြည်သူလူထုတွေကို နှာခေါင်းစည်းဝေတာတွေ လုပ်မယ်။ အွန်လိုင်းမီဒီယာကတစ်ဆင့် မဲဆွယ်မယ့်လုပ်ငန်းကိုတော့ ကျယ်ကျယ်ပြန့်ပြန့်အသုံးချမယ်။ “ လို့ ပြည်သူ့ရှေ့ဆောင်ပါတီ ဥက္ကဌ ဦးကျော်ဇေယျက Duwun ကိုပြောပါတယ်။

ပြည်သူ့ရှေ့ဆောင်ပါတီအနေနဲ့ အွန်လိုင်းကနေ မဲဆွယ်စည်းရုံးရေးလုပ်ရာမှာတော့ ကိုယ်စားလှယ်လောင်းတွေကို မိတ်ဆက်ခြင်း၊ ရွေးကောက်ပွဲကြေညာစာတမ်းနဲ့ပတ်သက်ပြီးရှင်းလင်းပွဲတွေ၊ ပါတီရဲ့ ဝက်ဘ်ဆိုဒ်ကို လူအများစိတ်ဝင်စားလာအောင် လူငယ်တွေအကြိုက် ဂိမ်းပြိုင်ပွဲတွေ၊ TikTok ပြိုင်ပွဲတွေပါ ထည့်သွင်းကျင်းပသွားဖို့စီစဉ်ထားတယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ- ပြည်သူ့ရှေ့ဆောင်ပါတီ

လက်ရှိ ရွေးကောက်ပွဲကော်မရှင်ရဲ့ စည်းကမ်းချက်တွေအရ Stay at Home မြို့နယ်တွေမှာ လုပ်ခွင့်မရှိတဲ့အပြင် ကိုဗစ်-၁၉ ကူးစက်မှုမြင့်မားနေတာကြောင့် ပြည်သူလူထုရဲ့ စိုးရိမ်မှုအခြေအနေတွေအရလည်း တစ်ခြားမြို့နယ်တွေမှာပါ မြေပြင်မဲဆွယ်စည်းရုံးခွင့်တွေ မရတော့တဲ့အနေအထားဖြစ်နေတယ်လို့လည်း ပြည်သူ့ပါတီ မှ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သူ ဦးရဲနိုင်အောင်က Duwun ကပြောပါတယ်။

“ အခုက ရန်ကုန်မှာဆို မြေပြင်မဲဆွယ်စည်းရုံးရေးတွေက လုပ်မရသလောက်ဖြစ်နေပြီ။ အွန်လိုင်းကနေ လုပ်တာကလည်း အရမ်းကြီးတော့ မထိရောက်ဘူး။ တတ်နိုင်သမျှတော့ ကြိုးစားနေရတယ်။ အခုကာလက ရွေးကောက်ပွဲမှာ ရှိသင့်ရှိထိုက်တဲ့ အခြေအနေမဟုတ်နေဘူး။” လို့ ဦးရဲနိုင်အောင်က ဆိုပါတယ်။

လက်ရှိ ကိုဗစ်-၁၉ အခြေအနေတွေကြောင့် ရွေးကောက်ပွဲတရားမျှတမှုမရှိမှာကို စိုးရိမ်နေကြပြီး ရွေးကောက်ပွဲကို ရွှေ့ဆိုင်းပေးဖို့ ပြည်ထောင်စုကြံ့ခိုင်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီအပါအဝင် နိုင်ငံရေးပါတီအချို့က ရွေးကောက်ပွဲကော်မရှင်ကို တောင်းဆိုမှုတွေပါ ပြုလုပ်နေကြပြီလည်းဖြစ်ပါတယ်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီအနေနဲ့လည်း သူတို့ရဲ့ ပါတီတစ်ခုတည်းအနေနဲ့ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းပေးဖို့ ကြေညာထားသလို ရွေးကောက်ပွဲကော်မရှင်အနေနဲ့လည်း လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ အမြန်ဆုံးတွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုထားတယ်လို့လည်း ပြည်သူ့ပါတီမှ ကိုယ်စားလှယ်လောင်း ဦးရဲနိုင်အောင်က ဆိုပါတယ်။

လက်ရှိ အာဏာရပါတီ ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း ပါတီကို ထောက်ခံသူတွေအနေနဲ့ ကျန်းမာရေးဆိုင်ရာသတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကိုလိုက်နာပြီး လူစုလူဝေးနဲ့ ထောက်ခံအားပေးတာတွေ မလုပ်ကြဖို့ကိုလည်း မေတ္တာရပ်ခံကြောင်း စက်တင်ဘာ ၁၅ ရက် ညပိုင်းက Chair NLD လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် ပြောကြားထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က