ရွေးကောက်ပွဲအောင်နိုင်ရေးက အာဏာကိစ္စသာဖြစ်ကြောင်း ပါတီဥက္ကဌ ဦးသန်းဌေးက ဆိုပါတယ်။

ကိုဗစ်ကို နိုင်အောင် မလုပ်နိုင်ဘဲ ရွေးကောက်ပွဲ နိုင်ခဲ့မယ်ဆိုရင် ဘယ်သူပဲနိုင်နိုင် တကယ့်အောင်နိုင်မှုမဖြစ်နိုင်ဘဲ အလဲလဲအပြိုပြို ပြည်သူလူထုကြီးနဲ့ ဒယိမ်းဒယိုင်နိုင်ငံကြီးမှာ အောင်လံစိုက်ထူရမှာဖြစ်လို့ စိတ်ချမ်းမြေ့စရာမရှိဘူးလို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီဥက္ကဌ ဦးသန်းဌေးက ပြောလိုက်ပါတယ်။

ပါတီရဲ့ လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် အသိပေးပြောကြားခဲ့တာဖြစ်ပြီး အခုချိန်ဟာ ပြည်တွင်းအင်အားစုအားလုံးရဲ့ စုစည်းညီညွှတ်မှုနဲ့ ရှိသမျှ လုပ်နိုင်စွမ်းတွေကို ပူးပေါင်းအသုံးချပြီး ကိုဗစ်ကပ်ရောဂါကြီးကို မရရအောင် ထိန်းချုပ်ကြရမယ့် အချိန်ဖြစ်ကြောင်း၊ အရေးကြီးဆုံး ဦးစားပေးလုပ်ရမယ့် အမျိုးသားရေးတာဝန်ဟာ ကပ်ရောဂါထိန်းချုပ်နိုင်ရေးဖြစ်ပြီး ရွေးကောက်ပွဲအောင်နိုင်ရေးက အာဏာကိစ္စသာဖြစ်ကြောင်း ပါတီဥက္ကဌ ဦးသန်းဌေးက ဆိုပါတယ်။



ဒါကြောင့် လက်ရှိမှာ ပြည်ခိုင်ဖြိုးပါတီဝင်တွေကို အင်အားအများအပြားနဲ့ စုဝေးလှည့်လည်မှုတွေ မလုပ်ဖို့ ညွန်ကြားခဲ့ပြီး နိုင်လိုစိတ်နဲ့ သွေးဆူပြီး ထိန်းမနိုင်သိမ်းမရ လူစုလူဝေးတွေ မဖြစ်စေချင်ဘူးလို့လည်း ပြောပါတယ်။

ဓာတ်ပုံ- စက်တင်ဘာ ၈ ရက်က ပြည်ခိုင်ဖြိုးပါတီအနေနဲ့ မဲဆွယ်စည်းရုံးမှုတွေ လုပ်ခဲ့စဉ်

ရွေးကောက်ပွဲလုပ်ပြီဆိုရင် အောင်ပန်းဆွတ်ရမယ့် တာဝန်က ကျေပွန်ရမှာဖြစ်တဲ့အတွက် ကန့်သတ်ခွင့်ပြုအင်အားနဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လှုပ်ရှားစည်းရုံးမှုတွေတော့ စဉ်ဆက်မပြတ် လုပ်သွားကြရမယ်လို့ ပါတီဝင်တွေကို တိုက်တွန်းပြောကြားခဲ့ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီအနေနဲ့ လွတ်လပ်တဲ့ဈေးကွက်စီးပွားရေး၊ နိုင်ငံသားလုပ်ငန်းရှင်များကို ထိုက်သင့်တဲ့အကာအကွယ်ပေးရေး၊ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်တွေ ရင်းနှီးမြှုပ်နှံမှုယုံကြည်စွာလုပ်နိုင်ရန်၊ နိုင်ငံသားများအပေါ် ကျရောက်နေတဲ့ ကြွေးမြီဝန်ထုပ်ဝန်ပိုးတွေကို တစ်နှစ်အတွင်း လျှော့ချနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း ပါတီဥက္ကဌ ဦးသန်းဌေးက မနေ့ညပိုင်းက နိုင်ငံပိုင်မီဒီယာတစ်ခုဖြစ်တဲ့ မြန်မာ့အသံနဲ့ရုပ်မြင်သံကြားကတစ်ဆင့် ထုတ်လွှင့်တဲ့ နိုင်ငံရေးပါတီများရဲ့ ဟောပြောမှုအစီအစဉ်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ကိုယ်ယ်စားလှယ်လောင်း ၁,၁၂၉ ဦး ပါဝင်ယှဉ်ပြိုင်ဖို့ လျာထားပြီး ပါတီထိပ်ပိုင်းခေါင်းဆောင်တွေ၊ ပြီးခဲ့တဲ့အစိုးရလက်ထက်က တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝန်ကြီးဟောင်းနဲ့ ဝန်ကြီးချုပ် ဟောင်းအချို့ ပါဝင် ရွေးကောက်ခံမယ်လို့လည်း ပါတီက ထုတ်ပြန်တဲ့အချက်အလက်တွေအရ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က