ကလေးလူနာတွေဟာ စိုးရိမ်ရတဲ့အခြေအနေမရှိဘူးလို့ ဆိုပါတယ်။

ရန်ကုန်တိုင်းအတွင်း အသက် ၁၂ နှစ်အောက် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ကလေးလူနာ ၂၂၆ ဦးရှိနေပြီး ကလေးလူနာအများစုဟာ ရောဂါလက္ခဏာမပြတာကြောင့် စိုးရိမ်ရတဲ့အခြေအနေမဟုတ်ကြောင်း ကလေးအထူးကု ဆရာဝန်ကြီးတွေက ပြေပါတယ်။

ကိုဗစ်-၁၉ ပိုးတွေ့ရှိထားတဲ့ ကလေးလူနာတွေထဲမှာ ရက်သား၊လသား အရွယ်ကလေးတွေ ပါ ပါဝင်လာတာတွေ့ရပြီး ပြင်းထန်လက္ခဏာနဲ့ ကုသပေးရတဲ့ ကလေးလူနာတွေ တော့ မရှိသေးဘူးလို့လည်း သိရပါတယ်။



ပိုးကူးစက်ခံထားရတဲ့ ကလေးလူနာတွေထဲမှာ အောက်ဆီဂျင်ပေးပြီး ကုသပေးရတာ၊ အထူးကြပ်မတ်ဆောင်တွေမှာ ကုသပေးရတာမျိုး မရှိသေးဘူးလို့လည်း ရန်ကုန်မြို့၊ မြောက်ဥက္ကလာပ ဝေဘာဂီအထူးကု ဆေးရုံကြီးမှ ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာခင်ခင်ထားက Duwun ကိုပြောပါတယ်။

ဓာတ်ပုံ- ဇူလိုင် (၂၅) ရက်က တီးတိန်မြို့မှာ အသက် (၆) နှစ်အရွယ် ကိုဗစ်လူနာကလေးတစ်ဦး ဆေးရုံကဆင်းလာစဉ်။

“ အခုဒုတိယလှိုင်းမှာ ရောဂါပြင်းပြင်းထန်ထန် ခံစားရတဲ့ ကလေးတစ်ယောက်မှ မရှိသေးပါဘူး။ လက္ခဏာလုံး၀ မပြတဲ့ ကလေးတွေပဲ များပါတယ်။ အခုကူးစက်ခံရတဲ့အထဲမှာ ငယ်လွန်းတဲ့ ရက်သား၊လသား ကလေးတွေပါလာနေတော့ သူတို့ကိုတော့ အထူးဂရုစိုက် စောင့်ကြည့်ပေးရတာပေါ့။ “ လို့ ဒေါက်တာခင်ခင်ထားက ဆိုပါတယ်။

ဒါ့အပြင် မိခင်က ရောဂါပိုးရှိပေမယ့် ကလေးက ရောဂါပိုးမရှိသေးရင်လည်း ရောဂါကာကွယ်ရေးနည်းလမ်းနဲ့အညီ နို့တိုက်မယ်ဆိုရင် ကလေးဆီကို ရောဂါမကူးနိုင်ဘူးလို့လည်း ဒေါက်တာခင်ခင်ထားက ဆိုပါတယ်။

“ကိုယ့်ရဲ့ကလေးက ပိုးမရှိသေးတဲ့ကလေးဆိုရင်လည်း နှာခေါင်းကို ဖုံးအုပ်ပြီး နို့တိုက်လို့ရပါတယ်။ နို့မတိုက်ခင်နဲ့ နို့တိုက်ပြီးအချိန်မှာလက်ကို ဆပ်ပြာနဲ့ စနစ်တကျဆေးမယ်မယ်ဆိုရင်ကလေးကို မကူးစက်နိုင်ပါဘူး။ ပိုးကူးစက်ခံရတဲ့ ရက်သား၊လသားကလေးတွေ အသက်ရှုမဝတာ၊ နို့မစို့နိုင်တာ၊ ငိုတာတွေ မရှိဘူးဆိုရင် ဒါဟာ နည်းနည်းအန္တရာယ်ရှိနိုင်တယ်။ အထူးကြပ်မတ်ဆောင်မှာ ထားရတာမျိုးတွေ ရှိနိုင်တယ်။ ဒါပေမယ့် အခုချိန်ထိ ကူးစက်ခံရတဲ့ကလေးတွေက အဲဒီလို ICU Care ထားရတဲ့အနေအထာမျိုးမရောက်သေးပါဘူး” လို့ ဒေါက်တာခင်ခင်ထားက ဆိုပါတယ်။

ကိုဗစ်-၁၉ လူနာတွေကို အဓိက ထားကုသပေးနေတဲ့ ဝေဘာဂီဆေးရုံမှာဆိုရင် ဒုတိယလှိုင်းကူးစက်မှုအတွင်း လက်ရှိအချိန်ထိ ကလေးလူနာ ၁၀ ဦးခန့်ရှိပြီး ၁ နှစ်ခွဲကနေ ၁၁ နှစ်အထိ ကလေးအရွယ်တွေ ပါဝင်တယ်လို့လည်းသိရပါတယ်။ ဒါ့အပြင် စက်တင်ဘာ (၂၄) ရက်နေ့က ပဲခူးတိုင်းမှာ အသက် (၈) ရက်သာရှိသေးတဲ့ ကလေးတစ်ဦးမှာ ကိုဗစ်-၁၉ ပိုးကူးစက်ခံရပြီး လက်ရှိ ကလေးလူနာတွေထဲမှာ အငယ်ဆုံးလူနာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးခဲ့ရတဲ့ အသက် ၁၂ နှစ်အောက် ကလေးလူနာတစ်ဦးမှ မရှိသေးဘဲ ပြီးခဲ့တဲ့ စက်တင်ဘာ (၁၇) ရက်က သေဆုံးသွားတဲ့ အသက် (၁၃) နှစ်အရွယ် ကလေးတစ်ဦးကတော့ သွေးရောဂါအခံရှိခြင်း၊ပြင်းထန် အဆုတ်ရောင်ကြောင့် ရုတ်တရက် အသက်ရှုလမ်းကြောင်း ပျက်စီးခြင်းတို့ ကြောင်း သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က