EMC စက်ရုံမှာ စက်ရုံလုပ်သား အင်အား ၅၀၀၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

မင်္ဂလာဒုံမြိုံနယ်က EMC စက်ရုံဝန်ထမ်းတစ်ဦးမှာ ကိုဗစ် ၁၉ ရောဂါပိုးကူးစက်ခံထားရကြောင်း သိရှိပြီးနောက် အဲ့ဒီစက်ရုံကိုယာယီ ပိတ်ထားမှာဖြစ်တယ်လို့ မင်္ဂလာဒုံမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာမိုးကပြောပါတယ်။



" မနေ့ကလူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းမြစ်ဝန်ကြီး လာစစ်ဆေးတယ်။ စက်ရုံကို ယာယီပိတ်ထားဖို့ပြောတယ်။စက်ရုံက ဝန်ထမ်းအင်အား ထောင်ကျော်ရှိတော့ ကွာရန်တင်းကို တစ်နေရာထဲမှာ တစုတဝေးတည်း ထားဖို့ဆိုတာ နေရာအခက်အခဲရှိတယ်။ အများကြီးစဉ်းစားရတယ်။ ကွာရန်တင်းထားဖို့ကိစ္စတွေနဲ့ပတ်သက်ပြီး မြို့နယ်ကိုဗစ်ကော်မတီနဲ့ ဆွေးနွေးသွားဖို့ ရှိပါတယ် ။"လို့ မင်္ဂလာဒုံ မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာမိုးကပြောပါတယ်။

ဒါပေမယ့် EMC စက်ရုံကတော့ ဒီကနေ့စက်တင်ဘာလ ၄ ရက်နေ့အထိ အလုပ်ခွင် ပိတ်ထားခြင်းမရှိသေးဘဲ အလုပ်သမားတွေကို အလုပ်ဆင်းနေရဆဲဖြစ်တယ်လို့ စက်ရုံအလုပ်သမားတွေဆီက သိရပါတယ်။

" အလုပ်က ဒီနေ့လည်းမပိတ်ဘူးပြောတယ်။ အဆောင်ကလည်း အလုပ်သွားရင် အိမ်ပြန်လာ လက်မခံဘူးပြောတယ်။ ဒီနေ့တော့ အလုပ်မသွားဖြစ်ဘူး အခြေနေစောင့်ကြည့်နေပါတယ်။တချို့တော့သွားကြတယ်သိရတယ်"လို့ EMC စက်ရုံအလုပ်သမားတစ်ဦးကပြောပါတယ်။

ထို့အတူ EMC စက်ရုံရဲ့ ရုံးပိုင်းဆိုင်ရာက ဝန်ထမ်းတစ်ဦးကလည်း စက်ရုံဟာ လောလောဆယ်မှာ ပိတ်ထားခြင်းမရှိသေးကြောင်းနဲ့ အသေးစိတ်အခြေအနေကိုတော့ မသိရှိသေးဘူးလို့ ဆိုပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စက်တင်ဘာလ ၃ ရက် မနက်ပိုင်းမှာ ထုတ်ပြန်မှုထဲက လူနာစာရင်းမှာ ပါရှိခဲ့တာဖြစ်ပါတယ်။

ဒီ EMC စက်ရုံမှာ စက်ရုံလုပ်သား အင်အား ၅၀၀၀ ဝန်းကျင်ရှိပြီး လုပ်သားအားလုံးကို အဲ့ဒီ စက်ရုံမှာပဲ ကွာရန်တင်းထားဖို့ စီစဉ်သွားမယ်လို ဒေါ်သန္တာမိုးကပြောပါတယ်။ဒိကနေ့မှာတော့ ပိုးရှိလူနာနဲ့ တိုက်ရိုက်ထိတွေ့သူ ၁၁ ဦးကို Swab ယူစစ်ဆေးမှာဖြစ်တယ်လို့သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။ (ဓာတ်ပုံ - Ye Thu)


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က