နောက်ထပ်လူနာတွေ ထားဖို့ နေရာတွေမရှိတာတော့ကြောင့် အခုလို ဆောင်ရွက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

ကိုဗစ်ရောဂါသံသယရှိတဲ့ လူနာတွေကို ဖျားနာကုဆေးခန်း (Fever Clinic) မှာ နှာခေါင်း၊အာခေါင်တို့ဖတ်ရယူစစ်ဆေးပြီး ဓာတ်ခွဲ အဖြေမထွက်သေးခင်အထိ အိမ်မှာပဲ စောင့်ဆိုင်းနေပေးဖို့ အစီအစဉ်တွေ စတင်လုပ်ဆောင်နေပြီလို့ သိရပါတယ်။

လက်ရှိမှာ ကိုဗစ်သံသယလူနာတွေကို အင်းစိန် (Fever Clinic) မှာ ဓာတ်ခွဲနမူနာရယူစစ်ဆေးပေးနေပြီး ရောဂါလက္ခဏာ သိပ်မပြတဲ့ သံသယလူနာတွေနဲ့ စိုးရိမ်စရာအခြေအနေမရှိတဲ့ သံသယလူနာတွေကို ဓာတ်ခွဲနမူနာ အဖြေမထွက်သေးခင်အထိ အိမ်ပဲ နေခိုင်းထားတယ်လို့ Community Fever Clinic Yangon Network မှ ဒေါက်တာ ကျော်မင်းထွန်းက Duwun ကိုပြောပါတယ်။



ရန်ကုန်မြို့က ဆေးရုံတွေမှာ စောင့်ကြည့်လူနာတွေ ပြည့်ကျပ်နေပြီး နောက်ထပ် လူနာတွေ ထားဖို့ နေရာတွေ မရှိတာတော့ကြောင့် အခုလို ဆောင်ရွက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။ သံသယလူနာတွေအနေနဲ့ အိမ်မှာနေတဲ့အခါ အိမ်သားတွေနဲ့ အထိအတွေ့နည်းနိုင်အောင် သီးခြားနေဖို့ ပြောထားတယ်လို့လည်း သိရပါတယ်။

သီးခြားနေဖို့ အတွက် အခန်းမရှိရင်တော့ အကာအရံနဲ့ လိုက်ကားခြားပြီး နေခိုင်းတာ၊ အိမ်မှာနေတဲ့ နှာခေါင်းစည်း၊ Face Shield တွေ၊ လက်အိတ်တွေ ဝတ်ခိုင်းတာတွေ ပြုလုပ်ခိုင်းထားပြီး အိမ်သားတွေလည်း အဲဒီလိုနေကြဖို့ ပြောထားတယ်လို့ ဒေါက်တာကျော်မင်းထွန်းက Duwun ကိုပြောပါတယ်။

“ အိမ်သားတွေက အစကတည်းက အထိအတွေ့ရှိပြီးသားဆိုတော့ သိပ်မထူးတော့ဘူး။ ဒါပေမယ့် အကာအကွယ်လေးတွေနဲ့ နေခိုင်းထားတာပေါ့။ သံသယလူနာတွေဆိုပေမယ့် ရောဂါလက္ခဏာ မပြတဲ့သာမန်လူနာတွေပေါ့။ တစ်ခြားရောဂါအခံရှိတာတို့၊ အသက်ကြီးတဲ့လူနာတွေဆိုရင်တော့ အိမ်မှာထားလို့ မရဘူး။ အဲဒီလိုလူမျိုးဆိုရင်တော့ ဆေးရုံကို တန်းပို့ရတာပေါ့” လို့ ဒေါက်တာကျော်မင်းထွန်းက ရှင်းပြပါတယ်။

သံသယလူနာတွေအနေနဲ့ ဓာတ်ခွဲအဖြေရလို့ Positive ထွက်တယ်ဆိုရင်တော့ သက်ဆိုင်ရာကျန်းမာရေးဌာနက လာရောက်ခေါ်ဆောင်မှာဖြစ်ပြီး အင်းစိန်ဆေးရုံကြီး စုရပ်ကနေ ဖောင်ကြီးကုသရေးစင်တာကိုပို့ဆောင်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။အိမ်မှာ ကျန်ခဲ့တဲ့ မိသားစုဝင်တွေကို ကွာရန်တင်းစင်တာကို ပို့ဆောင်မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာ ကိုဗစ်သံသယလူနာတွေကို အင်းစိန် (Fever Clinic) မှာ ပဲ တစ်ပတ်ကို နှစ်ရက်နှုန်းနဲ့ ဓာတ်ခွဲနမူနာရယူစစ်ဆေးပေးနေပြီး လူနာတွေ တအားများလာတော့ ဓာတ်ခွဲအဖြေယူဖို့ လိုအပ်တဲ့သူတွေကိုသာ ရွေးချယ်စစ်ဆေးပေးနေရတယ်လို့ ဒေါက်တာကျော်မင်းထွန်းက ဆိုပါတယ်။

“ဖျားလို့လာပြတဲ့ လူနာ တစ်ရာ ဆို တစ်ရာလုံး swab ယူသင့်တယ်။ ဒါပေမယ့် လူနာတွေတအားများတော့ ပြန်ရွေးထုတ်ရတယ်။ တစ်ချို့ ရောဂါလက္ခဏာမရှိတဲ့လူနာတွေဆို အိမ်ပေးပြန်တယ်။ နှစ်ပတ်လောက် အိမ်ကနေအပြင်မထွက်ဖို့ မှာလိုက်ရတယ်” လို့ ဒေါက်တာကျော်မင်းထွန်းက ပြောပါတယ်။

နောက်ပိုင်းမှာတော့ မြို့နယ်တိုင်းက Fever Clinic ဆေးခန်းတွေ၊ မိုဘိုင်းအဖွဲ့တွေနဲ့ ဓာတ်ခွဲနမူနာရယူမှာဖြစ်သလို မြို့နယ်တိုင်းက ကိုဗစ်သံသယလူနာတွေကိုလည်း အိမ်တွေမှာပဲ ထားဖို့ လုပ်ဆောင်ဖို့ စီစဉ်ထားပြီး ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနကို တင်ပြသွားမယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က