Esports ပြိုင်ပွဲတစ်ခုရဲ့ ချန်ပီယံလို့ဆိုလိုက်တာနဲ့ အများစုကတော့ ဂျာစီအလန်းစားနဲ့ လူငယ်လေးတွေကို ပြေးမြင်ကြမှာပါ။ သို့ပေမယ့် ထိုင်းက ကိုရင်တွေကတော့ အဲဒီအမြင်ကြီးကို လုံးဝပြောင်းလဲပေးလိုက်ပါတယ်။
ကိုရင် ၃ ပါးဟာ ပြီးခဲ့တဲ့အပတ်က ကားပြိုင်ဂိမ်း Speed Drifters ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တာပါ။ 2019 KKU Nong Khai Fair လို့အမည်ရတဲ့ ကျောင်းပေါင်းစုံပြိုင်ပွဲမှာ အားကစားပြိုင်ပွဲတွေ၊ စွမ်းရည်ပြပွဲတွေနဲ့ Esports ပြိုင်ပွဲတွေ ပါဝင်ခဲ့ပါတယ်။ Speed Drifters ဂိမ်းပြိုင်ပွဲမှာအနိုင်ရခဲ့တဲ့ ကိုရင်တွေကတော့ Balee Sathit Suksa ဆိုတဲ့ ကိုရင် သီးသန့်အထက်တန်းကျောင်းမှာ ပညာသင်ကြားနေတဲ့ ကိုရင်ငယ်လေးတွေပဲဖြစ်ပါတယ်။
Balee Sathit Suksa ကျောင်းဟာ ကိုရင်စာချကျောင်းဖြစ်ပေမယ့် ဘာသာရေးကို တစ်ပတ်မှာ နာရီ ၂၀ သာသင်ကြားပြီး ကျန်တဲ့အချိန်တွေမှာတော့ သာမန်အထက်တန်းကျောင်းမှာသင်တဲ့ ပညာရပ်တွေကိုသာ သင်ကြားတယ်လို့ အထက်ပါစာချကိုယ်တော်ကဆိုပါတယ်။ ဒါ့အပြင် ဒီကျောင်းမှာစာသင်နေတဲ့ ကိုရင်လေးတွေကို ကွန်ပြူတာသင်ကြားပေးရင်း Esports ကိုပါတစ်ခါတည်းထိတွေ့မှုရှိအောင် လေ့ကျင့်ပေးတယ်လို့ သိရပါတယ်။
ဂိမ်းပြိုင်ပွဲမှာအနိုင်ရရှိသွားတဲ့ကိုရင်တွေအကြောင်းဟာ အင်တာနက်တစ်ခွင်မှာ ပျံ့နှံ့သွားပြီးနောက် သံဃာတွေအနေနဲ့ သာမန်လူတွေလို ဂိမ်းပြိုင်ပွဲတွေဝင်ပြိုင်တာ မသင့်လျော်ဘူးဆိုတဲ့ ဝေဖန်သံများထွက်ပေါ်လာပါတယ်။
ဦးဇင်း Kokkiad ကတော့ ကိုရင်တွေဟာ ကလေးအရွယ်သာရှိသေးတာကြောင့် အခြားသာမန်ကလေးတွေလိုပဲ သူတို့ရဲ့ကိုယ်ရည်ကိုယ်သွေး တိုးတက်လာဖို့အတွက် ကိုယ်ဘယ်နေရာမှာ ဝါသနာပါလဲဆိုတာကို စူးစမ်းလေ့လာခွင့်ပေးသင့်တယ်လို့ ကာကွယ်ခုခံပြောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံဟာ အွန်လိုင်းဂိမ်းနဲ့ Esports တို့ လွှမ်းမိုးမှုတော်တော်လေးရှိတဲ့နိုင်ငံဖြစ်ပါတယ်။ လက်ရှိ Ti9 Dota 2 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ Fnatic အသင်းမှ Dota2 Professional ကစားသမား Jabz ဟာလည်း ထိုင်းနိုင်ငံသားဖြစ်ပြီး Esports လောကထဲမှာ ထိုင်းနိုင်ငံဟာ လျှော့တွက်လို့မရတဲ့နိုင်ငံဖြစ်ကြောင်း သက်သေပြလျက်ရှိပါတယ်။ ဒါ့အပြင် မကြာသေးခင်ကမှ ကိုရီးယားနိုင်ငံမှာ ကျင်းပပြီးစီးခဲ့တဲ့ နိုင်ငံပေါင်း ၁၆ နိုင်ငံပါဝင်တဲ့ PUBG Nations Cup မှာလည်း ထိုင်းနိုင်ငံကိုယ်စားပြုအသင်းက အဆင့် ၆ နေရာအထိ ရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။