မြန်မာနိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် အခြေအနေအပေါ် ဖြူဖြူထွေးက အခုလို ပြောပြလာပါတယ်။
Photo: Amazing Grace
ဖြူဖြူထွေးကတော့ ကိုရိုနာဗိုင်းရပ်စ် နဲ့ ပတ်သက်ပြီး ကျန်းမာရေးအသိပညာပေး နေကြ တာတွေကို သေသေချာချာ လိုက်နာသင့်တဲ့အကြောင်းပြောလာပါတယ်။
“လက်ရှိ ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး WHO တို့ Unicef တို့က ကျန်းမာရေးနဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားတာတွေရှိတယ်။ ဒါတွေကို မြန်မာနိုင်ငံက လူတွေကလည်း လိုက်နာကြပါတယ်။ ဒါပေမယ့် အခုချိန်ထိ ဘာမှ မဖြစ်သေးတာကိုက ကံကောင်းတယ်လို့ ပြောလို့ရတယ်။ သူများနိုင်ငံတွေမှာဆိုရင် ဘာမှကို ယူစရာ မရှိတော့အောင် ဖြစ်နေရတဲ့အချိန်မှာ မြန်မာနိုင်ငံမှာ ဒီလိုအခြေအနေမျိုးရပ်တည်နေနိုင်တာကိုက တော်တော်လေး ကောင်းနေပြီ” လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။
Photo: Snapshot
ကမ္ဘာအနှံ့အပြားမှာ ဖြစ်ပေါ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသွားတဲ့ လူဦးရေတွေက အများကြီးရှိလို့နေပါပြီ။နိုင်ငံတော်တော်များများမှာလည်း ပြည်တွင်းပြည်ပ ခရီးသွားတွေကိုလည်း ဝင်ခွင့်၊ ထွက်ခွင့်တွေ ပိတ်လိုက်ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာတော့ လူစုလူဝေးအများအပြား နဲ့ ပြုလုပ်ရတဲ့ အကယ်ဒမီပေးပွဲ၊ သင်္ကြန်ပွဲတွေ လုပ်ခွင့်မရတော့ဘူးလို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ အနုပညာရှင် တော်တော်များ များကလည်း အဆိုပါ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကျန်းမာရေး ဂရုစိုက်ကြဖို့ တစ်ဖက်တစ်လမ်းက တိုက်တွန်းနေကြတာကိုလည်း တွေ့ရပါတယ်။
Photo: Amazing Grace
ကိုရိုနာဗိုင်းရပ်စ်ကူးစက်စေနိုင်တဲ့ လူစုလူဝေးနေရာတွေကိုလည်း မသွားသင့်ဘူးလို့ ဖြူဖြူထွေးက မတ်လ ၁၅ ရက်နေ့က dynasty gold & jewellery ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာဖြစ်ပါတယ်။
“ ပွဲတွေက ၆ ပတ်တောင်မှ ပိတ်ခံထားရတာပေါ့နော်။ ပွဲကြီးကြီးမားမားကြီးတွေ မလုပ်ရဘူး၊ လူစုလူဝေးတွေ မနေရဘူးဆိုပြီးတော့ ထုတ်ပြန်ထားတာတော့ တွေ့ရတယ်။ လာကမ်းလှမ်းထားတဲ့ ပွဲတွေကလည်း စံရံတွေ ပေးထားတာဆိုတော့ နောက်ကျင်းပတဲ့ ပွဲတွေဆိုရင် လာတက်ပေးပါတို့ ပြောထားတာတော့ရှိတာပေါ့။ ကိုယ်ကတော့ လောလောဆယ် ဘာမှ ဆုံးရှုံးသွားတာ မရှိပါဘူး"လို့ ဆက်လက် ပြောပြလာပါတယ်။
Photo: Phyu Phyu Htwe
ဟာသဗီဒီယိုဖိုင်တွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေနဲ့အတူ ဝေဖန်မှုတွေလည်း ကြုံခဲ့ရတဲ့ဖြူဖြူထွေးဟာ ယခုဆိုရင်တော့ ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးနေရပြီ ဖြစ်ပါတယ်။ သူမဟာ ဝေဖန်မှုတွေကိုကြံ့ကြံ့ခံပြီး ကိုယ်ယုံကြည်ရာကို လျှောက်လှမ်းလာတဲ့သူ ဖြစ်တာကြောင့် သူ့ကို ချစ်ခင်တဲ့ ပရိသတ်တွေကိုလည်း ပိုင်ဆိုင်လာခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိမှာလည်း သူမရဲ့ ကြိုးစားအားထုတ်မှုက ရတဲ့ အနုပညာကြေးနဲ့ မိဘတွေကို တိုက်အိမ်ဆောက်ပေးထားတယ်လို့ သိရပါတယ်။