ကမ္ဘာ့အကြီးဆုံး Mobile World Congress ပွဲလိုပဲ Facebook ရဲ့ တစ်နှစ်တာအကြီးဆုံး နည်းပညာပွဲကြီးလည်း ဒီနှစ်ထဲမှာ ကျင်းပဖြစ်တော့မှာ မဟုတ်ပါဘူး။
COVID-19 ကူးစက်မှုနှုန်း မြင့်တက်လာနေသလို ကူးစက်ခံရသူ ၈၂၀၀၀ ကျော် နဲ့ သေဆုံးသူဦးရေ ၂၈၀၀ ကျော် ရှိလာပြီးနောက် Facebook ဟာ မေလဆန်းပိုင်းမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ F8 Developer Conference ပွဲကို ဖျက်သိမ်းကြောင်း ကြေညာလိုက်တယ်လို့ CNET သတင်းက ဖော်ပြထားပါတယ်။
Photo: techmoran
Facebook F8 Developer Conference ကို ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဟိုဆေး McEnery Convention Center မှာ မေလ ၅ ရက်နဲ့ ၆ ရက်နေ့အထိ ကျင်းပဖို့ စီစဉ်ထားတာပါ။ ပြီးခဲ့တဲ့နှစ်က ဒီပွဲကို ကမ္ဘာအနှံ့က Developers များ စွန့်ဦးတီထွင်သူများ အပါအဝင် တက်ရောက်သူ ၅၀၀၀ ကျော် ရှိခဲ့ပါတယ်။
F8 Developer ပွဲ ဖျက်လိုက်တဲ့ အကြောင်းနဲ့ ပတ်သက်လို့ Facebook ရဲ့ ထုတ်ပြန်ချက်ထဲမှာ COVID-19 ကူးစက်မှု မြင့်တက်လာတာကြောင့် ဒီနှစ်အထဲမှာ စုံညီတွေ့ဆုံမယ့် F8 ပွဲကို ပယ်ဖျက်ဖို့ ခက်ခဲတဲ့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်လို့ ပါရှိပါတယ်။ ဒီအစား F8 ပွဲကြီးကို လူချင်းတွေ့စရာမလိုဘဲ အွန်လိုင်းကနေပဲ ရုပ်သံနဲ့ တိုက်ရိုက်ထုတ်လွှင့်တဲ့ ကုမ္ပဏီတွင်း ပွဲတွေနဲ့ အစားထိုးသွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာလကစပြီး ကူးစက်မှု ဖြစ်ပွားလာနေတဲ့ ကိုရိုနာဗိုင်းရပ်ကြောင့် ဒီနှစ်ထဲမှာ ကျင်းပမယ့် နည်းပညာပွဲကြီးတစ်ချို့ ဖျက်သိမ်းခဲ့ရပါတယ်။ ဖေဖော်ဝါရီလထဲမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ စပိန်နိုင်ငံ ဘာစီလိုနာ MWC ပွဲလည်း ဗိုင်းရပ်စ်ကြောင့် ပျက်ခဲ့သလို Huawei ကလည်း ဖေဖော်ဝါရီ ၁၁ နဲ့ ၁၂ နှစ်ရက်ကြာ ကျင်းပမယ့် Huawei Developer Conference (HDC) ကို မတ်လ ၂၇ ၊ ၂၈ ရက်နေ့ ရွှေ့ဆိုင်းခဲ့ရပါတယ်။
Photo: Engadget
ကမ္ဘာကျော် နည်းပညာကုမ္ပဏီကြီး ဖြစ်တဲ့ Google ဟာ လာမယ့် မတ်လ ၁၆ ကနေ ၂၀ ရက်နေ့အထိ Google Developer Conference ကို ၅ ရက်ကြာ ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။ Google အနေနဲ့ အခုထိ ပွဲအစီအစဉ် မပြောင်းလဲပေမယ့် Unity ၊ Sony ၊ Electronic Arts ၊ Facebook ၊ Kojima Productions နဲ့ Microsoft ရဲ့ Game Stack team တို့လို အဓိကနည်းပညာကုမ္ပဏီကြီးတွေဟာ GDC 2020 ပွဲတက်ဖြစ်မှာ မဟုတ်ကြောင်း ကြေညာထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် နည်းပညာကုမ္ပဏီကြီးတွေရဲ့ ပွဲအစီအစဉ်တွေ ကစဉ့်ကလျား ဖြစ်ခဲ့သလို စမတ်ဖုန်းထုတ်လုပ်တင်ပို့ ရောင်းချမှုလည်း ထိခိုက်လာနေပါတယ်။