ပြည်သူလူထုအနေနဲ့ ကိုရိုနာဗိုင်းရပ်ရောဂါကို သိပ်ပြီး စိုးရိမ်ကြောင့်ကြဖို့ မလိုအပ်ဘူးလို့ ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်က ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါ မရှိေသးတာ တွေ့ရပြီး ရောဂါမရှိပေမယ့်လည်း ပေါ့လျောမနေသင့်ဘူးလို့ ဒေါက်တာထွန်းမြင့်က ဆိုပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီ ၁၀ ရက်ကရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးမှာ ပြုလုပ်ခဲ့တဲ့ လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲမှာ ပြောကြားခဲ့တာပါ။
'' ပြည်သူလူထုအနေနဲ့ စိုးရိမ်ပြီး ကြောက်လန့်တကြား မဖြစ်ဖို့ မေတ္တာရပ်ခံချင်ပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး မရှိသေးပါဘူး။ သံသယလူနာအဖြစ် စောင့်ကြည့်တဲ့လူနာတွေပဲရှိပါတယ်'' လို့ ဒေါက်တာထွန်းမြင့်ကဆိုပါတယ်။
Mask တွေကိုလည်း လူတိုင်းအုပ်ဖို့ မလိုအပ်ဘဲ ကျန်းမာရေးစောင့်ရှောက်မှု ပေးရတဲ့ ကျန်းမာရေးဝန်ထမ်းတွေကတော့ အထူးတပ်သင့်ကြောင်း ဒေါက်တာထွန်းမြင့်က ဆက်လက်ပြောပါတယ်။
ဒါ့အပြင် ရန်ကုန်တိုင်းအတွင်းမှာ ရောဂါပိုးသံသယလူနာတွေကို မြောက်ဥက္ကလာက ဝေဘာဂီဆေးရုံမှာတင်မဟုတ်ဘဲ အခြားပြည်သူ့ဆေးရုံတွေမှာပါ ကုသမှုပေးနိုင်ဖို့ သီးသန့်အခန်းတွေ ထားရှိပေးသွားမယ်လို့လည်း သိရပါတယ်။
ရန်ကုန်တိုင်းအတွင်း တရုတ်လူမျိူးတွေ အလုပ်လုပ်ကိုင်ကြတဲ့ စက်မှုဇုန်နယ်မြေအတွင်းမှာလည်း လာမယ့် ဖေဖော်ဝါရီ (၁၃) ရက်မှာ ကိုရိုနာ ဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ အသိပညာပေး ကျန်းမာရေးဟောပြောပွဲတွေ ပြုလုပ်သွားမယ်လို့လည်း ဒီကနေ့ကျင်းပတဲ့ ဆွေးနွေးပွဲကနေသိရပါတယ်။